close

ရုရှားစစ်တပ်နှင့် ကြေးစားတပ်များ ဘတ်ခ်မွတ်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်

ရုရှားစစ်တပ်နဲ့ ကြေးစားစစ်သားတွေဟာ သူတို့ ဝိုင်းရံထားတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘတ်ခ်မွတ်မြို့ကို မတ် ၃ ရက်ကစပြီး အမြောက်တွေနဲ့ ထောင်းထောင်းကြေအောင် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်”

အပျက်အစီးတွေ ပြိုကျနေတဲ့ ဘတ်ခ်မွတ်မြို့မှာ အခု ယူကရိန်းတပ်တွေအတွက် လမ်းတစ်ခုသာ ဖွင့်ထားဆဲဖြစ်ပြီး လုံး၀နီးပါး ဝိုင်းထားပြီလို့ ရုရှားနိုင်ငံရဲ့ ဝဂ္ဂနာပုဂ္ဂလိကစစ်တပ်အကြီးအကဲက ပြောပါတယ်။

ဘတ်ခ်မွတ်မြို့ကနေ အနောက်ဘက်ကို ဦးတည်တဲ့ လမ်းကြောင်းတွေကို ရုရှားက အပြင်းအထန် ပစ်ခတ်နေတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ မြို့တွင်း စစ်ကူဝင်မရအောင် အပြင်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းတာ ထင်ရှားတယ်လို့ ရိုက်တာက သုံးသပ်ပါတယ်။ 

ရုရှားတင့်ကားတွေက ပစ်ခတ်လို့ အနီးနားက ခရိုးမာ့ဗ်မြို့က တံတားတစ်စင်းပါ ပျက်စီးခဲ့ပါတယ်။ ယူကရိန်းစစ်သားတွေက ပျက်စီးသွားတဲ့လမ်းတွေကို ပြန်ပြင်နေပြီး နောက်ထပ်တပ်ဖွဲ့ဝင်တွေက မြို့ကို စွန့်လွှတ်ဖို့ အဆင်သင့် မဖြစ်သေးဘဲ ယူကရိန်း ရှေ့တန်း စစ်မျက်နှာတွေဆီကို ဦးတည် သွားနေပါတယ်။

မြို့အနောက် ဘက်မှာတော့ ယူကရိန်းလူမျိုးတွေက ခံစစ်နေရာအတွက် ကတုတ်ကျင်း အသစ် တွေကို တူးနေကြတာပါ။

စစ်မဖြစ်မီ လူဦးရေ ၇၀,၀၀၀ ရှိတဲ့ ဘတ်ခ်မွတ်မြို့ကို သိမ်းနိုင်ရင် မနှစ်က အရန်တပ်သား ရာနဲ့ချီ ခေါ်ယူပြီးတဲ့နောက် ငွေကုန်ကြေးကျများတဲ့ ဆောင်းရာသီ ထိုးစစ်ကို ဆင်နွှဲတဲ့ ရုရှားအတွက် ပထမဆုကြီး ဖြစ်လာမှာပါ။ 

အရေးကြီးတဲ့ စစ်ပွဲ ရည်ရွယ်ချက်ဖြစ်တဲ့ ဒွန်ဘာ့စ်ဒေသကို သိမ်းဖို့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဘတ်မွတ်မြို့ဟာ ပင်ကိုယ်ဗျူဟာ တန်ဖိုးနည်းနည်းပဲ ရှိပေမယ့် ဆုံးရှုံးမှုတွေဟာ စစ်ပွဲ လမ်းကြောင်းကို ပုံဖော်နိုင်တယ်လို့ ယူကရိန်းက ပြောပါတယ်။

 ၂၀၂၂ ခုနှစ် ရဲ့ ဒုတိယနှစ်ဝက်မှာ ယူကရိန်းဟာ မြေယာတွေကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် ယူကရိန်း တပ်ဖွဲ့တွေဟာ ဘတ်မွတ်မှာတော့ သုံးလကြာခံစစ်ကို သုံးခဲ့ရပါတယ်။ 

Up