close

ပင်လယ်နက် စပါးတင်ပို့မှု ရက် ၆၀ သက်တမ်းတိုးရန် ရုရှားနှင့် ကုလသမဂ္ဂ သဘောတူ

ရုရှားနိုင်ငံဟာ ကုလသမဂ္ဂနဲ့ မတ်လ ၁၃ ရက်က ဆွေးနွေးပြီးနောက် ပင်လယ်နက် စပါးတင်ပို့မှု အပေးအယူကို ရက်ပေါင်း ၆၀ သက်တမ်းတိုးဖို့ သဘောတူခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမအကြိမ် သက်တမ်းကုန်ဆုံးချိန်က သဘောတူညီခဲ့တဲ့ ရက်ပေါင်းအရေအတွက်ရဲ့ ထက်ဝက်နည်းတဲ့ပမာဏ ဖြစ်ပါတယ်။

ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂေးဗာရှိုင်နင်၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်သ်စ်နဲ့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတာဝန်ရှိသူ ရီဘက်ကာဂရင်စပန် တို့ဟာ တနင်္လာနေ့က ဂျီနီဗာမှာ တွေ့ဆုံခဲ့ပြီး မနှစ်ကချုပ်ဆိုခဲ့တဲ့ စပါးတင်ပို့မှု စာချုပ်သက်တမ်းတိုးရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးချက်တွေဟာ အသေးစိတ်ကျပြီး ရှင်းရှင်းလင်းလင်းရှိကြောင်း ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက အဆုံးသတ် ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ မတ်လ ၁၈ ရက်မှာ ဒုတိယသက်တမ်း ကုန်ဆုံးပြီးနောက်မှာ နောက်ထပ် သက်တမ်းတိုးမှုကို ကန့်ကွက်ခြင်းမရှိပေမဲ့ ရက်ပေါင်း ၆၀ သာ သက်တမ်းထပ်တိုးပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရုရှားရဲ့ နောက်ထပ်ရပ်တည်ချက်ဟာ သူ့ရဲ့ စိုက်ပျိုးရေးပို့ကုန်တွေ ပုံမှန်ပြန်ဖြစ်ရေးကိစ္စမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုအပေါ် မူတည်သက်ရောက်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သူ့ရဲ့ပို့ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်ကို မရောက်ရှိနိုင်သေးကြောင်း ရုရှားက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာ ကုလအဖွဲ့ဟာ ပင်လယ်နက် စပါးတင်ပို့မှုရဲ့ ခိုင်မာမှုကို ထိန်းသိမ်းဖို့နဲ့ ဆက်တင်ပို့နိုင်ရေးကို သေချာစေဖို့ တတ်နိုင်သမျှ လုပ်ပေးသွားမှာဖြစ်ပြီး ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာတွေကို တင်ပို့ရာမှာ လွယ်ကူချောမွေ့စေရေးအတွက် ကတိကဝတ်ကို အလေးပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Up