close

အမေရိကန် အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်ထွက်ပြေးသည့် ကျောင်းသားကို ရဲတပ်ဖွဲ့ရှာဖွေ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဒန်ဗာ အထက်တန်းကျောင်းမှာ မတ်လ ၂၂ ရက်က သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ ကျောင်းသားကို ရဲတပ်ဖွဲ့က လိုက်ရှာနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အရင်အပြုအမူဟောင်းများဆိုင်ရာ ပြဿနာတွေကို အခြေခံပြီး လူငယ်တွေအတွက် ရေးဆွဲထားတဲ့ “လုံခြုံရေးအစီအစဉ်”ရဲ့ တစိတ်တပိုင်းအနေနဲ့ လက်နက် သို့မဟုတ် မူးယစ်ဆေးဝါးတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်လာခြင်း ရှိ မရှိ ကျောင်းတွင်းရှာဖွေရေး လုပ်ဆောင်နေတာဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကျောင်းဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိသွားကြောင်းလည်း ဆိုပါတယ်။

ဒဏ်ရာရသွားသူတွေဟာ ကျောင်းရဲ့ဌာနမှူးနဲ့ တခြားဝန်ထမ်းတဦးဖြစ်ပြီး သူတို့ ရှာဖွေနေချိန်မှာ ပစ်ခတ်သံအများအပြား ထွက်လာခဲ့တာပါ။

ဒဏ်ရာရရှိသူ ၂ ဦးကို နယ်မြေဆေးရုံ ပို့ဆောင်ထားပြီး ၁ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပြီးတော့ ခွဲစိတ်ကုသမှု ခံယူနေရကြောင်းနဲ့ ကျန်တဦးမှာ ဒဏ်ရာပြင်းထန်ပေမဲ့ တည်ငြိမ်တဲ့ အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်တဲ့ ကျောင်းသားဟာ တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ သေနတ်တလက်ကို ကိုင်ဆောင်ပြီး ထွက်ပြေးနေဆဲဖြစ်ပါတယ်။

အရှေ့ပိုင်းအထက်တန်းကျောင်းက ကျောင်းသား အသက် ၁၇ နှစ်အရွယ် အော်စ်တင်လိုင်လီဟာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ မတိုင်ခင်လေးက အကြမ်းဖက်မှု ဖြစ်ပြီးပြီးချင်းမှာပဲ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာကနေ ထွက်ပြေးသွားကြောင်း ရဲက ပြောပါတယ်။

ရဲတွေရော ပညာရေးအာဏာပိုင်တွေရောက ကျောင်းသားအတွက် တသီးပုဂ္ဂလလုံခြုံရေး ပရိုတိုကောကို ချမှတ်ဖို့ ကျောင်းကိုလုပ်ဆောင်စေမယ့် တိကျတဲ့ ညွှန်ကြားချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ အလိုရှိကြောင်း ကြေညာချက်နဲ့အတူ ကျောင်းသားရဲ့ ဓာတ်ပုံနဲ့အတူ သူမောင်းတဲ့ ကားအမျိုးအစားနဲ့ ဆင်တူတဲ့ ကားရဲ့ပုံကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Up