ထိုင်း-မြန်မာနယ်စပ်တွင် မီးခိုးမြူများဆိုးရွားနေသည့် ပြဿနာဖြေရှင်းပေးရန် မယ်ဆိုင်မြို့ခံများ ဆန္ဒထုတ်ဖော် တောင်းဆို





ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တဖက်ကမ်း ချင်းရိုင်းခရိုင်မှာ မီးခိုးမြူတွေဝေနေတာကြောင့် လေထုညစ်ညမ်းမှုဆိုးရွား နေပြီး ဒီပြဿနာဖြေရှင်းပေးဖို့ မယ်ဆိုင်ပြည်သူတွေ စုဝေးတောင်းဆိုခဲ့ကြပါတယ်။
မယ်ဆိုင်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ နိုင်းဆေဝယွန်းဆီစမွတ် ဦးဆောင်တဲ့ မယ်ဆိုင်ပြည်သူ ၂၀၀ ကျော်ဟာ မတ် ၂၇ ရက်က မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့မှာ စုရုံးပြီး မီးခိုးမြူရေတို၊ ရေရှည်ပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မီးခိုးမြူပြဿနာဟာ ယခင်နှစ်တွေကလည်း ကြုံတွေ့ခဲ့ရပြီး ဒီနှစ်မှာတော့ ပိုဆိုးလာကြောင် ၊ အခုခါမှာ မီးခိုးထွက်တဲ့နေရာ hot spots တွေ ကြည့်ရှုနိုင်ဖို့ ဂြိုလ်တုတွေ၊ ဒရုန်းတွေလည်းပေါ်လာပြီမို့ အဆိုပါ နေရာက မီးတွေကို ငြှိမ်းသတ်ဖို့ ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမှုန်ပြ ဿနာဖြေရှင်းဖို့ တဘက်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဖြေရှင်းပေးဖို့ ၊ တဘက်နိုင်ငံကနေ တောင်ယာထွက်သီးနှံ အထူးသဖြင့် ပြောင်းစေ့တွေ ဝယ်ယူနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း တောင်ယာမီးမရှို့ဘဲ စိုက်ပျိုးနိုင်မယ့်တခြားနည်းလမ်းရှာဖွေကာ တောင်သူတွေကို ပံ့ပိုးဖို့ တောင်းဆိုခဲ့ပါတယ်။
တောမီးမရှို့ဖို့၊ တောင်ယာမရှို့ဖို့ မီးခိုးမြူကင်းစင်အောင် သဘာဝပတ်ဝန်းကျင် ဝိုင်းဝန်းထိန်းသိမ်းဖို့ မြန်မာ၊ ထိုင်း ၊ အင်္ဂလိပ်စာတန်းပါ ပိုစတာတွေနဲ့ လှုံ့ဆော်ပြီး တောမီးငြှိမ်းသတ်နေတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် သောက်ရေသန့်တွေ ထောက်ပံ့ဝေငှခဲ့ကြပါတယ် ။
ဒီကနေ့ ချင်းရိုင်းခရိုင်ရဲ့ လေထုညစ်ညမ်းမှု PM 2.5 မှာ ညနေ ၃ နာရီတိုင်းထွာချက်အရ ချင်းရိုင်းမှာ ၁ ကုဗမီတာလျှင် ၃၄၂ မိုက်ခရိုဂရမ်၊ မယ်ဆိုင်မှာ ၅၀၅ မိုက်ခရိုဂရမ်၊ ကျိန်းခေါင်မှာ ၂၉၄ မိုက်ခရိုဂရမ် ရှိနေပါတယ်။
မီးခိုးမြူတွေကြောင့် ပြည်သူလူထုကျန်းမာရေးပါထိခိုက်နေရာမှာ မတ်လ ၁၉ ရက်မှ ၂၆ နေ့တွေအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာကြောင့် ဆေးရုံဆေးခန်းတွေမှာ ပြင်ပလူနာအဖြစ်လာရောက်ကုသသူအနေနဲ့ ချင်းရိုင်းခရိုင်မှာ ၃၄၇၈ ဦးရှိပြီး မယ်ဆိုင်မြို့နယ်မှာတော့ ၃၇၂ ဦးရှိကြောင်း၊ အများအားဖြင့် မျက်စိစပ်ခြင်း ၊ နှာမွှန်ခြင်း ၊ လည်ပင်းနာခြင်းနဲ့ အသက်ရှုမဝဖြစ်နေကြတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းခရိုင်ရှိ မယ်ဖာ့လုန်တက္ကသိုလ်၊ ချင်းရိုင်း ရာ့ချ်ဖတ်တက္ကသိုလ်၊ ဖယောဝ်းတက္ကသိုလ်တွေလည်း ကျောင်းသားကျောင်းသူတို့ ကျန်းမာရေးအတွက် အွန်လိုင်းကနေသာ သင်ယူကြဖို့ ကြေညာထားပါတယ်။
မယ်ဆိုင်တဘက်ကမ်း မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်ထဲမှာလည်း မီးခိုးမြူတွေ ဝေနေတာ ဒီကနေ့ပါဆိုရင် ၅ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း၊ မတ်လ ၂၆ နဲ့ ၂၇ နေ့တွေမှာ ရန်ကုန်၊ မန္တလေးဘက်ကလာတဲ့ လေယာဉ်ပျံတွေ လုံးဝဆင်းသက်လို့မရတာကြောင့် ကျိုင်းတုံ လေဆိပ်မှာ သွားဆင်းရပြီး ခရီးသည်တွေလည်း အဆင်မပြေဖြစ်ခဲ့ရတယ်လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။
မြို့နေပြည်သူတွေလည်း အများအားဖြင့် အိမ်ထဲမှာဘဲနေနေကာ အပြင်မထွက်လို့ ရောင်းဝယ် ဖောက်ကားမှုတွေလည်း အေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်မှ မတ်လ ၂၈ ရက်အထိ ၂၄ နာရီကြာ တိုင်းတာရရှိတဲ့ တာချီလိတ်ရဲ့ ဝန်းကျင်လေထုအရည်အသွေး (AQI) မှာ ၅၀၀ ထိရောက်ရှိပြီး လူတိုင်းအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။