မောင်တောမြို့နယ်၌ ကုန်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး အမျိုးသား ၂ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော် ကားလမ်းရှိ ကိုင်းကြီး(မြို)ကျေးရွာအနီး ကားလမ်းမှာ ကုန်ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူနဲ့ နောက်ကစီးလာသူ ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကိုင်းကြီးကျေးရွာတာဝန်ခံ ဦးစံထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကိုင်းကြီးနဲ့ မောရဝတီကျေးရွာကြားမှာ မောင်တောဘက်က တက်လာတဲ့ ကုန်ကားကြီး အခွန်နဲ့ မောင်တောဘက်ကတက်လာတဲ့ ဆိုင်ကယ်နဲ့တိုက်မိတာ။ ဆိုင်ကယ်စီးလာတဲ့ သမက်နဲ့ ယောက္ခမ နှစ်ယောက်လုံး ပွဲချင်းပြီးသေသွားတယ်။”
သေဆုံးသူ ၂ ဦးမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်အနောက်တောင်ရွာမှ ဦးအောင်လှထွန်း (၅၂ နှစ်) နဲ့ သူ့သမက် ဦးမောင်ခင်သန်း (၂၆ နှစ်) တို့ဖြစ်ပြီး စေတီပြင်ကျေးရွာအပြန်မှာ မောင်တောဘက်ကဆင်းလာတဲ့ ကုန်ကားအခွန်နဲ့ တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဥဒေါင်းကျေးရွာသားတဦးက “သူတို့ သမက်နဲ့ ယောက္ခမက ရသေ့တောင် စေတီပြင်ကျေးရွာက ဥဒေါင်းကျေးရွာမှာ အငှားနေကြတာ။ ဒီနေ့မှာ သူတို့ရှာထားတဲ့ မျှစ်တွေကို ထုပ်ပိုးပြီး စေတီပြင်နေအိမ်က မိသားစုတွေဆီ သွားပို့တာ။ ကားက ဆိုင်ကယ်ကို ဝင်တိုက်တာလား၊ ကားကို ဆိုင်ကယ်က ကျော်တက်တာလားတော့ အတိအကျ မပြောတတ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ သေဆုံးသွားသူနှစ်ဦးကို မောင်တောမြို့နယ် ကရုဏာကွန်ရက်အသင်းက မောင်တောဆေးရုံကြီး၊ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ကုန်တင်ကားကြီးကိုတော့ မြင်းလွတ်၊ နခခ-၉ တပ်ရင်းလက်အောက်ခံ၊ ရွာသစ်ကေ နခခ ကင်းစခန်းမှာ ဖမ်းဆီးထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
မနေ့ ဧပြီ ၃ ရက် ည ၁၀ နာရီကျော်ကလည်း မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအလွန် ငရုတ်ကောင်းစိကောက်ကွေ့အနီးမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ် ကယ်ရီသမား ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။