close

အမေရိကန်တွင် သေနတ်ကိုင်ဆောင် အကြမ်းဖက်မှုများအပေါ် ကျောင်းသားများ ဆန္ဒပြ

အမေရိကန်နိုင်ငံတဝန်း စာသင်ကျောင်းတွေက ကျောင်းသားတွေဟာ ဧပြီ ၅ ရက်က စာသင်ခန်းနဲ့ ကျောင်းဝင်းပြင်ပကို ထွက်ပြီး သေနတ်ကိုင်ဆောင် အကြမ်းဖက်မှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို လမ်းလျှောက်ထွက် ဆန္ဒပြမှုကို “ကျောင်းသားအရေး တောင်းဆိုလှုပ်ရှားမှု” အဖွဲ့က စီစဉ်ခဲ့တာပါ။

အမေရိကန်နိုင်ငံသား အယောက် ၁၁၀ ကျော်ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို နောက်ထပ် အယောက် ၂၀၀ ကျော်ဟာလည်း ဒီလိုပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လမ်းလျှောက်ဆန္ဒပြမှုတွေကတဆင့် ကျောင်းသားတွေဟာ စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံစေရေးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းဗျူဟာတွေကို တောင်းဆိုနေပါတယ်။

မတ်လ ၂၇ ရက်တုန်းကလည်း နက်ရှ်ဗီးလ်မြို့က ကော့ဗ်ဗနန့်ကျောင်းမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ အကြမ်းဖက်မှုအတွင်း ကျောင်းသား ၃ ဦးနဲ့ ဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကျောင်းသားဟောင်းကို ရဲတပ်ဖွဲ့က တုံ့ပြန် ပစ်သတ်ခဲ့ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီနှစ်ထဲမှာ အမေရိကန်နိုင်ငံထဲက ကျောင်းတွေအတွင်း သေနတ်နဲ့ပစ်ခတ်မှု အရေအတွက်ဟာ အကြိမ် ၉၀ အထိ ရောက်လာပြီလို့ သုတေသနပြုစုသူ ဒေးဗစ် ရိဒ်မန်း တည်ထောင်ထားတဲ့ ကျောင်းအတွင်းပစ်ခတ်မှု အချက်အလက်ဆိုင်ရာ K-12 ဝက်ဘ်ဆိုက်အရ သိရပါတယ်။

ကျောင်းအတွင်း သေနတ်နဲ့ပစ်ခတ်မှုတွေဟာ ၁၉၇၀ ခုနှစ်ကစတဲ့ စာရင်းအင်းမှတ်တမ်းတွေ အရ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ရပ်ပေါင်း ၃၀၃ ခုနဲ့အတူ အများဆုံးဖြစ်လာပါတယ်။

Up