သံတောင်ကြီးမြို့နယ်၌ စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် လူ ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာမှာ စစ်ကောင်စီတပ်က မနေ့ ည ၇ နာရီက လက်နက်ကြီး ပစ်ခတ်လို့ ကျေးရွာအတွင်းကျရောက်ပြီး လူ ၂ ဦး သေဆုံးကာ ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင် ၁၃ မိုင်နဲ့ ၇ မိုင်က စစ်ကောင်စီတပ်စခန်းကနေ ပြီးလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါ ပျားစခန်းကျေးရွာ ကဒါခိကုန်းမှာ ၄ လုံးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ တခြားအိမ်တအိမ်မှာ အစားသောက်သွားရောက်ပေးကမ်းပြီး အပြန်မှာ လက်ကြီး ဘေးနာကျပြီး ထိမှန်သေဆုံးသွားခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
“အဲနားက ကနဲထီးဒဲဆိုတဲ့ အသင်းတော်ရှိတယ်။ ထိခိုက်သေဆုံးတာက သင်းထောက်ရဲ့အမျိုးသမီး၊ သူကအနားမှာရှိတဲ့ စစ်ရှောင်တွေကို ဇရစ်ရိုးအရွက်သွားပေးပြီး အပြန်လမ်းမှာ လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးသွားတာ။ နောက်ကလေးတယောက်လည်း ဆုံးသွားတယ် ပြောတယ်။”
ထိခိုက်ဒဏ်ရာရတဲ့လူတွေကို တောင်ငူဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ စစ်ကောင်စီတပ်က ဒီလိုတိုက်ခိုက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။