close

ယူကရိန်းဒရုန်းယာဉ်နှင့် ဒုံးကျည်များကို ရုရှားပစ်ချ

ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းဒရုန်းယာဉ်တွေနဲ့ ဒုံးကျည်တွေကို ပစ်ချခဲ့တယ်လို့ ရုရှားအစိုးရက ဧပြီ ၅ ရက်မှာ ပြောပါတယ်။

ရုရှားတပ်မတော်က ဒန်ညက်စ်၊ ဇာပိုရိုယိုင်၊ ခါဆွန်နဲ့ တခြားလမ်းကြောင်းတွေမှာ စစ်ရေး ဆက်ပြီးဆင်နွှဲနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အထူးစစ်ဆင်ရေး၏ တိုးတက်မှု အပေါ်အစီရင်ခံစာထဲမှာ ဧပြီ ၅ ရက်က ဖော်ပြထားပါတယ်။

ရုရှားလေကြောင်းအာကာသတပ်ဖွဲ့ကလည်း ယူကရိန်းလေတပ်ရဲ့ MiG-29 လေယာဉ်တစင်းကို ပစ်ချခဲ့ပြီး နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက US ရွေ့လျားဒုံးအမြောက်စနစ် (HIMARS)နဲ့ အတွဲလိုက်ပစ်နိုင်တဲ့ ဒုံးစနစ်(MLRS) အပြင် မြန်နှုန်းမြင့် ဓာတ်ရောင်ခြည်ဆန့်ကျင်ဒုံး (HARM) တစင်းတို့ကို ပစ်ချခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လီမန်းနဲ့ ဘတ်မွတ်မြို့တို့ဆီ ဦးတည်သွားတဲ့ ရုရှားရဲ့ တိုက်ခိုက်မှု အများအပြားကို ယူကရိန်းတပ်ဖွဲ့ဝင်တွေက ချေမှုန်းခဲ့တယ်၊ လေကြောင်း၊ ဒုံးကျည်နဲ့ အမြောက်တပ်တွေဟာ အင်္ဂါနေ့မှာ ရုရှားပစ်မှတ်အသီးသီးကို တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ၅ ရက်မှာ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်အစိုးရက ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်ကိုလည်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ခုအချိန်အထိ ယူကရိန်းအတွက် အမေရိကန်အစိုးရက ကတိပြုထားတဲ့ စစ်ရေးအကူအညီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈ ဘီလီယံအထိ ရှိလာပါပြီ။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အထွေထွေအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က နေတိုးဟာ ယူကရိန်းကို ကာလရှည်ကြာ လက်နက်ထောက်ပံ့မယ့် အစီအစဉ်တွေ စတင်နေပြီလို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ သက်တမ်း ၁၀ နှစ် ကြာမယ်လို့လည်း ဆိုထားပါတယ်။

Up