close

ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်သင်္ဘော ကင်းလှည့်၊ အခြေအနေစောင့်ကြည့်ကိုင်တွယ်မည်ဟု ထိုင်ဝမ်တုံ့ပြန်

တရုတ်နိုင်ငံအနေနဲ့ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာခဲ့ပြီးနောက် ဧပြီ ၈ ရက်က ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်သင်္ဘောတစ်စီး လှည့်လည်သွားလာနေတာကို တွေ့ရပါတယ်။

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြား အနီးဆုံးနေရာတစ်ခုဖြစ်သလို ထိုင်ဝမ်ကျွန်းကနေ ရေမိုင် ၈၅ မိုင်သာကွာဝေးတဲ့ ပင်တန်ကျွန်းတဝိုက်မှာ တရုတ်စစ်သင်္ဘောက ကင်းလှည့်သွားလာနေရင်း ပစ်ခတ်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို "ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု" အတွက် "အပြင်းအထန်သတိပေးချက်" ဖြစ်ကြောင်း   တရုတ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ 

ဒီတစ်ပတ်အစောပိုင်းတုန်းက အမေရိကန်နိုင်ငံမှာ ခရီးတထောက်နားခဲ့တဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ရဲ့ ခရီးစဉ်အပေါ် တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု အပါအဝင် ကင်းလှည့်တာတွေကို ဧပြီ ၈ ရက်ကနေ ၁၀ ရက်အထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာ နိုင်ငံတော်ကောင်စီရုံးကလည်း "ထိုင်ဝမ်လွတ်လပ်ရေး"နဲ့ အတူ ခွဲထွက်ရေးလှုပ်ရှားမှု ပုံစံအားလုံးအတွက် နေရာမရှိဘူးလို့ အလေးပေးပြောဆိုခဲ့ပြီးနောက် ဒီလို စစ်ရေးလေ့ကျင်မှုတွေကို လုပ်ဆောင်လာခဲ့တာပါ။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပဋိပက္ခတွေအပေါ် အရှိန်မြင့်တင်မှာ မဟုတ်သလို အငြင်းပွားမှုတွေပါ မဖြစ်စေလိုတဲ့အပြင် လေးနက်တဲ့သဘောထား၊ ဆင်ခြင်တုံတရားတွေနဲ့ တည်တည်ငြိမ်ငြိမ်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင်မှုတွေ စတင်ခဲ့ပြီးနောက် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့အနေ နဲ့ တင်းမာမှုတွေကို မြင့်တက်စေမှာ မဟုတ်သလို အခြေအနေစောင့်ကြည့်ကာ ကိုင်တွယ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဧပြီ ၈ ရက်က ဗီဒီယိုတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီဗီဒီယိုထဲမှာ ထိုင်ဝမ်ရဲ့  ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တို့ဟာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေကြတာကိုတွေ့ရပြီး တရုတ်ပြည်မကြီးရဲ့ လုပ်ရှားမှုတွေအပေါ် စောင့်ကြည် နေတယ်လို့လည်း သိရပါတယ်။ 

ထိုင်ဝမ်ဘက်ကလည်း စစ်ရေးလေ့ကျင့်မှုတွေ တန်ပြန်လုပ်ဆောင်ခဲ့ပြီးနောက် လေတပ်ရဲ့ မီရာ့ရှ် ၂၀၀၀-၅ တိုက်လေယာဉ်တွေဟာ စင်ချူး လေတပ် အခြေစိုက်စခန်းဆီ ပြန်လည်ဆင်းသက် လာကြတာကိုလည်း တွေ့ရပါတယ်။ 

ဧပြီ ၈ ရက် မနက်ပိုင်းမှာ တရုတ်နဲ့ ထိုင်ဝမ်ကြားက တရားဝင်မဟုတ်တဲ့ နယ်စပ်နေရာရှိ ကြားနေ စည်းမျဉ်းကို တရုတ်တိုက်လေယာဉ် ၄၂ စင်းအပြင် တရုတ်သင်္ဘော ၈ စင်း ဖြတ်ကျော်လာတာကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

Up