close

ထိုင်းနိုင်ငံ၌ မြန်မာများ စီးနင်းလာသည့် မှန်လုံယာဉ်က တွဲကားကို ဝင်တိုက်မိပြီး ၈ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ  ဧပြီ ၈ ရက် မနက်မှာ  မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ မှန်လုံယာဥ်တစီးက တွဲကားကို နောက်ကနေ ဝင်တိုက်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး အပါဝင်  ၈ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

မနေ့ မနက် ၅ နာရီလောက်မှာ မှန်လုံယာဉ်တစ်စီးက မင်မြို့၊ နောင်ခမ့်ခေါ့ကျေးရွာအုပ်စု အပိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့က မောင်းနှင်နေတဲ့ တွဲကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်မှာ ဘန်ကောက်မြို့ကနေ ကျန်ထဘူရီကို ဗီဇာသက်တမ်းတိုးဖို့လာရောက်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသား​တွေ လိုက်ပါစီးနင်းလာတဲ့ မှန်လုံကား ယာဥ်မောင်းဖြစ်သူက အိပ်ငိုက်ကာ ယာဥ်တိုက်မှုဖြစ် ပွားခဲ့တာဖြစ်ပါတယ်။  

ကယ်ဆယ်မှုတွေစတင်ဆောင်ရွက်စဥ်မှာပဲ  ကိုယ်ဝန်ဆောင်အမျိုးတစ်ဦး အပါအဝင် ၄ ဦးကတော့ နေရာမှာပဲ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ အမျိုးသမီး ၅ ဦးကို  ချွန်ဘူရီဆေးရုံကိုပို့​ဆောင်ပြီးဆေးကုသပေးနေရာမှာ   ၄ ဦး  ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် သေဆုံးသူ  ၈ ဦးအထိရှိလာခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို မင်မြို့နယ်က လူမှုကူညီရေးအသင်းဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ရပြီး ယာဥ်တိုက်မှုကြောင့် မှန်လုံယာဉ်အတွင်းညပ်နေသူတွေကို နာရီဝက်ကျော်ကြာ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

သတင်းဓာတ်ပုံ-မြဝတီမဲဆောက်မီဒီယာ

Up