close

တနင်္သာရီတွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၈ ရက် ၉ နာရီလောက်က တနင်္သာရီမြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီယာဉ်ကားကို ဘန်းလမွတ်ကျေးရွာအုပ်စု၊ ချောင်းညီကို ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက် မနက် ၁၁ ခွဲလောက်မှာလည်း ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာမှာ အင်အား ၃ဝ လောက်ရှိ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာ စစ်ကောင်စီဘက်က ၈ ဦး အကျအဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က ချောင်းညီကိုရွာကို မလာခင် ကမ်းတိုရွာမှာ စစ်သား ၃ဝ လောက်ချထားတယ်။ ဒါကြောင့် ‌ချောင်းညီကိုရွာမှာ ဖြတ်တိုက်ပြီးတာနဲ့ နောက်တရက်မှာ ကမ်းတိုရွာနားသွားပြီးတော့ ထပ်တိုက်တာပါ။"

ထိခိုက်ကျဆုံးသူတွေနဲ့ဒဏ်ရာရရှိသူတချို့ကို စစ်ကောင်စီက ယာဥ် ၂ စီးနဲ့ လာ‌ရောက်သယ်ဆောင်သွားကြောင်း၊ နှစ်ရက်တာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါတိုက်ပွဲတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ တောပုန်းကြီးအဖွဲ့၊ တနင်္သာရီရိုးမနဲ့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Up