close

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယဖြစ်လာမည်

အိန္ဒိယနိုင်ငံဟာ လာမယ့် ဧပြီလ လဝက်ပိုင်းလောက်မှာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနဲ့အတူ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့  ၂၀၁၁ ခုနှစ် သန်းခေါင်းစာရင်းထဲမှာ နိုင်ငံ့လူဦးရေ ၁ ဒသမ ၂၁ ဘီလီယံ အထိရှိပြီး ၁၂ နှစ်တာ ကာလအတွင်း လူဦးရေသန်းပေါင်း ၂၁၀ လောက် တိုးတက်လာခဲ့တာပါ။ 

တိုးလာတဲ့ ပမာဏဟာ ဘရားဇီးလ်တစ်နိုင်ငံလုံးရဲ့ လူဦးရေနီးပါးလောက် ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တရားဝင် အချက်အလက်တွေအရ အိန္ဒိယနိုင်ငံရဲ့ မျိုးပွားနှုန်းဟာ အစားထိုးအဆင့် ၂ ဒသမ ၀ အောက်ကို ကျဆင်းသွားတာကြောင့် နိုင်ငံရဲ့လူဦးရေတိုးတက်မှု နှုန်းကို အခုလို ထိန်းချုပ်ထားနိုင်တာပါ။

အိန္ဒိယနိုင်ငံအတွင်း ကျယ်ပြန်တဲ့ မျိုးပွားနှုန်းကွာဟချက် ရှိနေပေမဲ့လည်း ဆယ်စုနှစ်များစွာအကြာမှာ လူဦးရေထိန်းချုပ်မှု ဆိုင်ရာ အစီအစဉ်တွေရဲ့ အောင်မြင်မှုပုံစံမျိုးစုံကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

လူဦးရေပေါက်ကွဲမှုဖြစ်ရာကနေ ငယ်ရွယ်တဲ့ လုပ်သားအင်အားစုကြီးဟာ မွေးဖွားရာပြည်နယ်နဲ့ တခြားပြည်နယ်တွေရှိ မြို့ပြဧရိယာတွေမှာ ပြောင်းရွှေ့ အခြေချလာနိုင်တယ်လို့ မျှော်မှန်းထားပြီး မြို့ပြလူဦးရေ အကြီးအကျယ်များပြားလာနိုင်တဲ့ စိန်ခေါ်မှုကလည်း ရှိနေပြန်ပါတယ်။

မြို့ပြဧရိယာတွေမှာ ရွှေ့ပြောင်းနေထိုင်မယ့် သူတွေအတွက် အခြေခံ သက်သာချောင်ချိရေးကိစ္စ အပါအဝင် ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုတွေ ထောက်ပံ့ပေးရာမှာ မူဝါဒရေးဆွဲ သူတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ 

တရုတ်နိုင်ငံမှာလည်း လူဦးရေကျဆင်းမှု ဖြစ်ရပ်အများစုဟာ ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ချမှတ်ခဲ့တဲ့ တစ်အိမ်ထောင်-ကလေးတစ်ယောက် မူဝါဒကြောင့် ဖြစ်သလို မြင့်မားလှတဲ့ ပညာရေးစရိတ်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ကလေး တစ်ဦးထက် ပိုမယူတော့တာ ဒါမှမဟုတ် လုံးဝ ကလေးမယူတော့တဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။

Up