close

တောင်ကိုရီးယား ထိပ်တန်းလုံခြုံရေးအရာရှိများကို အမေရိကန်က သူလျှိုလုပ်ထောက်လှမ်းခဲ့ဟု ဆို

နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေးအရာရှိတွေအပေါ် အမေရိကန်က သူလျှိုလုပ်ထောက်လှမ်းခဲ့တယ်လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတွေသာ မှန်ကန်မယ် ဆိုရင် "အတော်ကို စိတ်ပျက်ဖို့ ကောင်းတယ်" လို့ တောင်ကိုရီးယားနိုင်ငံက အဓိကအတိုက်အခံဒီမိုကရက်တစ်ပါတီရဲ့ ဥပဒေပြုအမတ်တွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်မှုကစလို့ အစ္စရေးနိုင်ငံရဲ့ မော့စ်ဆတ် ထောက်လှမ်းရေးအေဂျင်စီအထိ အသေးစိတ် ပါဝင်တဲ့ လျှို့ဝှက်စာရွက်တမ်းတွေဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားခဲ့တာပါ။

အမေရိကန် တာဝန်ရှိသူတွေကတော့ ဒီပေါက်ကြားမှုရဲ့ရင်းမြစ်ကို ဖော်ထုတ်နိုင်ဖို့အတွက် အသည်းအသန် ကြိုးပမ်းနေသလို တချို့ကျွမ်းကျင်သူတွေကလည်း ဒီရင်းမြစ်ဟာ အမေရိကန်တစ်ဦးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီစာရွက်စာတမ်းတွေထဲက တစ်ခုမှာဆိုရင် ယူကရိန်းအပေါ် လက်နက်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယား အကြီးတန်းအရာရှိတွေအကြား ဆွေးနွေးပြောဆိုခဲ့တဲ့ အမေရိကန်မူဝါဒဆိုင်ရာအတွင်းသတင်းတွေ အသေးစိတ်ပါဝင်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်တချို့ကတော့ ဒီလို သူလျှိုလုပ်ထောက်လှမ်းမှုဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်သလို လက်ရှိသမ္မတ ယွန်းဆွတ်ခ်ယိုး အစိုးရအဖွဲ့ရဲ့ လုံခြုံရေးအရ အဓိက ပျက်ကွက်မှုဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

တောာင်ကိုရီးယားသမ္မတရုံးဘက်ကတော့ ဒီစာရွက်စာတမ်းတွေအပေါ် အချက်အလက် စစ်ဆေးဖို့ က ဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တုံ့ပြန်ထားပါတယ်။ အသေးစိတ်အချက်အလက်တွေကို အတည်ပြုပြီးတာနဲ့ သင့်လျော်တဲ့လုပ်ဆောင်ချက်တွေနဲ့အတူ တာဝန်ယူဖို့အတွက် အမေရိကန်ကို တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း သမ္မတရုံးက ဆိုပါတယ်။

Up