အလာဘားမားပြည်နယ်တွင် မွေးနေ့ပါတီ၌ ပစ်ခတ်မှုဖြစ်ပြီး လူ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ဒိတ်ဗဲလ်မြို့ငယ်လေးမှာ ဧပြီ ၁၅ ရက်ညက ကျင်းပခဲ့တဲ့ မွေးနေ့ပါတီတစ်ခုကို သေနတ်နဲ့ပစ်ခတ်မှုအတွင်း လူ ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ပြည်နယ်မြို့တော် မွန့်ဂိုမရီရဲ့ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာမှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုအတွင်း လူ ၂၈ ဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြတယ်လို့ တရားဥပဒေစိုးမိုးရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရေမီဘားကတ်က သတင်းစာရှင်းလင်းပွဲမှာအတည်ပြုပါတယ်။
လူဦးရေ ၃၀၀၀ လောက်ရှိတဲ့ ဒိတ်ဗဲလ်မြို့က ဘဏ်အဆောက်အအုံဟောင်းတစ်ခုကို ပြောင်းလဲပြင်ဆင်ထားရာ မဟော်ဂနီ မာစတာပိစ်အက စတူဒီယိုမှာ မွေးနေ့ပါတီကို ကျင်းပနေခဲ့ တာပါ။
စနေနေ့ ဒေသ စံတော်ချိန် ည ၁၀ နာရီ ၃၄ မိနစ်မှာတော့ ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေကဆိုပါတယ်။ ဒီလိုပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသလို သံသယရှိသူတွေကို ဖမ်းဆီးရမိခဲ့လားဆိုတာကလည်း မသိရသေးပါဘူး။
ဒီအခင်းဖြစ်ပွားရာ အနီးအနားက တန်နက်ဆီနဲ့ ကန်တက်ကီ ပြည်နယ်တွေမှာလည်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ တာကြောင့် သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ပေးဖို့ ဒေသန္တရ ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့အပတ်က တောင်းဆိုခဲ့ကြပါတယ်။
ဧပြီ ၁၀ ရက်က ကန်တက်ကီပြည်နယ် လူဝီဗဲလ်မြို့မှာ ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက် ၅ ဦး သေဆုံးခဲ့ပြီး အခြားလူ ၉ ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာလည်း တန်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့ ပုဂ္ဂလိက ခရစ်ယာန် ကျောင်းတစ်ခုမှာ ကျောင်းသားဟောင်းရဲ့ ပစ်ခတ်မှုအတွင်း အသက် ၉ နှစ်အရွယ် ကလေးငယ် ၃ ဦးနဲ့အတူ နောက်ထပ် ဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အမေရိကန်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ အဖြစ်များလာခဲ့သလို ၂၀၂၃ ခုနှစ်အတွင်းမှာတင် ဒီလိုပစ်ခတ်မှုပေါင်း ၁၄၆ ကြိမ်နဲ့အထက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း တစ်နှစ်တာအတွင်း အများဆုံးပမာဏဖြစ်တယ်လို့လည်း သေနတ်နဲ့ အကြမ်းဖက်မှုဆိုင်ရာ မှတ်တမ်းအရ သိရပါတယ်။