close

ဆူဒန်ပဋိပက္ခအတွင်း အနည်းဆုံး လူ ၂၇၀ သေဆုံးပြီး ၂,၆၀၀ ဒဏ်ရာရဟု WHO ပြော

ဓာတ်ပုံ-WHO

ဆူဒန်နိုင်ငံမှာ လက်နက်ကိုင် ၂ ဖွဲ့ အားပြိုင်တိုက်ခိုက်နေကြတဲ့ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် အနည်းဆုံး လူ ၂၇၀ သေဆုံးပြီး ၂,၆၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။

“ဆူဒန်သမ္မတနိုင်ငံရဲ့ အခြေအနေကတော့ အလွန်စိုးရိမ်စရာ ကောင်းပါတယ်” လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒ်ရော့စ် အဒ်ဟာနွမ် ဂေဘရေယဲဆပ်စ်က သတင်းထောက်တွေကို ရှင်းလင်းပြောကြားပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ အလုပ်သမား ၃ ဦးလည်း သေဆုံးခဲ့ကြောင်း WHO အကြီးအကဲက ပြောပါတယ်။

ဒီပဋိပက္ခတွေ မဖြစ်ပွားခင်မှာ WHO က ကျန်းမာရေးအဆောက်အအုံတွေဆီ ဖြန့်ဝေခဲ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ အခု ကုန်သွားပြီဖြစ်ကြောင်းနဲ့ ဒဏ်ရာရ အရပ်သားတွေကို လက်ခံကုသပေးနေတဲ့ ခါတွန်ရှိ ဆေးရုံတွေဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အသက်ကယ်ဆေးပစ္စည်းတွေ ပြတ်တောက်နေတယ်လို့ အစီရင်ခံထားကြောင်း ဂေဘရေယဲဆပ်စ်က ပြောပါတယ်။

ဆေးရုံမီးစက်တွေမှာ လောင်စာဆီ ပြတ်တောက်မှုတွေအပြင် ရေနဲ့ ဓာတ်အား ပြတ်တောက်မှုတွေကြောင့် ကျန်းမာရေးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေကြောင်း WHO ညွှန်ကြားရေးမှူးချုပ်က ရှင်းပြပါတယ်။

ဒေသစံတော်ချိန် ၆ နာရီမှာ စတင်အကျုံးဝင်တဲ့ ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီပြီး နာရီပိုင်းအကြာမှာပဲ အင်္ဂါနေ့က ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာ သေနတ်သံ၊ ပေါက်ကွဲသံတွေနဲ့ ခေါင်းပေါ်မှာ တိုက်လေယာဉ်တွေ ဝဲပျံနေတဲ့ အသံတွေကို ကြားခဲ့ရပါတယ်။

ဧပြီ ၁၅ ရက်က ခါတွန်နဲ့ တခြားမြို့တွေမှာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပို့တပ်ဖွဲ့ (RSF) တို့ကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီပဋိပက္ခကို အစပြုကြောင်း ၂ ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

မကြာသေးခင်ကပဲ ဒီတပ်ဖွဲ့ ၂ ဖွဲ့အကြား အထူးသဖြင့် အမြန်ထောက်ပို့တပ်ဖွဲ့ (RSF) ကို စစ်တပ်ထဲ ပေါင်းစည်းထည့်သွင်းခြင်းအပေါ် သဘောထားကွဲလွဲမှု ကြီးကြီးမားမား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Up