ကလေးမြို့ ၌ စစ်တပ်လက်နက်ကြီးကြောင့် နေအိမ်အချို့ပျက်စီး၊ ခင်ဦးတွင် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်




စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်းရပ်ကွက်တွေမှာ ဧပြီ ၁၈ ရက် ညပိုင်းက စစ်ကောင်စီတပ်စခန်းအနီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေ အချိန်ကြာမြင့်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တာဟန်း ဘီရပ်ကွက်က နေအိမ် ၅ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဆည်မြောင်းရုံးထဲကနေ ပစ်တာ။ လက်နက်ကြီး ၅ လုံးစလုံး တာဟန်းရပ်ကွက်ထဲ ကျတာ။ အိမ်အပေါ်ထပ်က ခေါင်မိုးပေါ်တွေ ကျလို့ လူတွေထိခိုက်မှုတော့ မရှိဘူး။”
ကလေးမြို့တွင်းမှာ စစ်ကောင်စီတပ်စွဲရာ ဝယ်စလီဆေးရုံအနီး ကင်းစခန်း၊ နေကြာတိုက်ရှေ့ကင်းစခန်း၊ တာဟန်းရဲစခန်းတွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုကြပြီး အဲဒီပစ်ခတ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါ ကလေးမြို့အနောက်ပိုင်းရပ်ကွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား မြို့တွင်းတိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် တာဟန်းရပ်ကွက် ဒေသခံတွေ သေဆုံးတာနဲ့ နေအိမ်ထိခိုက်ပျက်စီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ကနေ ခင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ ဧပြီ ၁၉ ရက် ဒီနေ့မနက် ၆ နာရီလောက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
အခုစစ်ကြောင်းဟာ မုံရွာနမခကနေ ဘူဒိုဇာတစီးနဲ့ မတ်လ ၁၉ ရက်က ဘုတလင်မြို့နယ်ဘက်ကို စစ်ကြောင်းချီလာပြီး ဒီပဲယင်းမြို့အတွင်း ကျည်ရွာ၊ ဘုရားထွက်ရွာနဲ့ ညောင်လှရွာအနီးမှာ လမ်းပိုင်းဖျက်ဆီးတာတွေ လုပ်ဆောင်ပြီး သင်္ကြန်မတိုင်ခင် ၁၁ ရက်နေ့မှာ ရေဦးမြို့ထဲ ဝင်ရောက်လာတဲ့စစ်တပ် ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“သူတို့က ဧပြီ ၁၂ ရက်နေ့ကတည်းက ကျနော်တို့ ခင်ဦးမြို့ဘက်ကို ခြင်းကြားတွေလွယ်ပြီး အထွက်ပြသေးတယ်။ သူတို့အထွက်ပြတာကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အင်ပတ်ကွေ့ရွာအနီးမှာ မိုင်းဆွဲလို့ အဲ့အကြိမ်မှာ ရေဦးမြို့ထဲ ပြန်ဝင်သွားကြတယ်။ သင်္ကြန်ရက်ေတွကြေတာ့ ပြန်မထွက်ဘဲ ရေဦးမြို့ထဲမှာ မူးရူးသောက်စားနေကြတယ်။ အဲဒါပြီးတော့ မနေ့ ဧပြီ ၁၈ ရက် မနက်ခင်း ၆ နာရီကြတော့ ကျနော်တို့ ခင်ဦးဘက် ထပ်ထွက်လာတယ်။ အဲဒီကနေ ရွာသစ်ကုန်း ပျူရွာကိုဝင်တယ်။ အဲ့ရွာကနေ မြင်းဒေါင်းရွာ၊ သရက်ပင်စုရွာနဲ့ မကျည်းအုပ်ရွာတွေကို ဝင်ရောက်ပြီး စားစရာတွေယူတယ်။ နောက်ပြီးတော့ ဖောကား ၄ စီးနဲ့ ဒေသခံတွေရဲ့ စပါးတွေကို ရေဦး (--)ခြံထဲ သယ်သွားတယ်။ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ခင်း ၅ နာရီေလာက်ရောက်တော့ ရေဦး-ခင်ဦး-ရွှေဘို လမ်းမကြီးအတိုင်း မထွက်တော့ဘဲ မြကန်ရွာဘက်ကနေ ဖောက်ထွက်လာပြီး စစ်ကြောင်းစထိုးလာတယ်။ အဲလိုထိုးလာရင်း မနက်ခင်း ၉ နာရီလောက်ရောက်တော့ မြကန်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခင်ဦးမြို့နယ်အတွင်းက မကန်ရွာ၊ အင်ပတ်ရွာ၊ ကုန်းသာရွာ၊ မရမ်းအင်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ ကျွန်လယ်ရွာ၊ ကျွန်းဆွယ်ရွာ၊ ညောင်ပင်ကြီးစုရွာ၊ တည်းကုန်းကြီးရွာ၊ ပန်တောရွာ၊ ကြီးအိုင်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ကန်ရွာ၊ ဆည်ကြီးရွာ စတဲ့ အနီးပတ်ဝန်းကျင်က ဒေသခံထောင်နဲ့ချီဟာ အညာနွေနဲ့ နေပူပူကြား စစ်ဘေးရှောင်နေကြရပြီး စစ်ေဘးရှောင်နေသူတွေထဲမှာ သောက်သုံးရေငတ်ပြတ်တဲ့ဒဏ်နဲ့ ချွေးထွက်လွန်ပြီး မူဝေအော့အန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “သူတို့ဘက်က အကျအဆုံးတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၃ ဦး ကျဆုံးတယ်။ သေဆုံးအလောင်းတွေလည်း ကောက်ယူထားနိုင်တယ်ဗျ။ နောက်ထပ် ၅ ဦးလည်း အဖမ်းခံရတာလား၊ အဖမ်းခံပြီး ညအသတ်ခံရတယ်လားတော့ မသိရသေးဘူး။ သေချာတာကတော့ ၅ ဦး ပျေက်ဆုံးနေသေးတယ်” လို့ ပြောပါတယ်။
အခု စစ်ကောင်စီစစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေးဆိုပြီး ရေဦးကနေ ရွှေဘိုမြို့ကို စစ်ကြောင်းထိုးသွားတာ ဖြစ်နိုင်ပြီး ဒေသခံတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်တာကြောင့် စစ်ကြောင်းနဲ့ ဝေးနိုင်သမျှဝေးအောင် နေထိုင်ကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက အသိပေးထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ကို ဧပြီ ၁၉ ရက် မနက်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် မူးမြစ်ကူး တံတားဖြတ်ပြီး ရောက်ရှိနေတာကြောင့် နီးစပ်ရာ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူ ၂,၅၀၀ ကျော် ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာပြီး နေ့စဥ်လိုလို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အင်းပတ်ကွေ့ဝန်းကျင်ရှိ အင်းပတ်ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေးတောင်၊ အင်တိုင်းလေးမြောက်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ် စတဲ့ရွာတွေက ဒေသခံ ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ လယ်ယာတွေကြား ပြေးနေရပြီး စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိခိုက်မိမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်ရှိ ရွာသစ်ကုန်း၊ မူးတိမ်ချောင်းတံတား၊ ပျဥ်ထောင် စတဲ့ရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို ဧပြီ ၁၈ ရက်က အင်အား ၈၃ ဦး၊ ကား ၄ စီးနဲ့ ထောက်ပို့လာတာကြောင့် နေ့စဥ်ရက်ဆက် ပြည်သူတွေ ပြေးနေရပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ရွာ ၄ ရွာရှိပြီး အဲဒီရွာတွေနဲ့ စစ်တပ်လမ်းကြောင်းနီးတဲ့ ကျေးရွာ စုစုပေါင်း ၁၀ ရွာက လူဦးရေ ၅,၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ် မကြာခဏ စစ်ကြောင်းထိုးပြီး ရမ်းသန်းပစ်ခတ်မှုတွေ ရှိတာကြောင့် လယ်ယာ တောင်သူလုပ်ငန်းတွေ မလုပ်ကိုင်နိုင်ဘဲ အသက်လွတ်အောင် ပြေးလွှားနေကြရပါတယ်။