close

ငလျင်ဒဏ်သင့် ဆီးရီးယားနှင့်တူရကီအတွက် ဝမ်းနည်းကြောင်း WHO ညွှန်ချုပ်ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေမှူးချုပ် တက်ဒရို့စ် အက်ဒါနွန် ဂေးဘရီအေးစစ် က ငလျင်ဒဏ်သင့်ခဲ့တဲ့ အလက်ပိုမြို့အခြေအနေဟာ "ကြေကွဲဖွယ်ရာ" ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။ 

ဆီးရီးယားနဲ့တူရကီနိုင်ငံတို့မှာ ဖေဖော်ဝါရီ ၆ရက်က ကြီးမားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆီးရီးယားကျန်းမာရေးဝန်ကြီးဖြစ်သူ ဟာဆန် ဂါဘက်ရှ် နဲ့အတူ တက်ဒရို့စ်က သွားရောက် ကြည့်ရှုခဲ့ပြီး အယ်လ်ရာဇီ ဆေးရုံအပြင်ဘက်မှာ သူက အခုလိုပြောသွားတာပါ။ 

နောက်ဆုံးသတင်းတွေအရ ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာတင် တူရကီနဲ့ဆီးရီးယား ၂ နိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၈၀၀၀ ကျော်သွားပါပြီ။ 

တက်ဒရို့စ်က အမေရိကန်အနေနဲ့ ဆီးရီးယားအစိုးရ အပေါ်မှာ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု တွေကို ရက်ပေါင်း ၁၈ဝ ကြာ ဆိုင်းငံ့ထားမယ့်အပေါ်မှာ ကြိုဆိုခဲ့ပြီး ဒါဟာ အရေးပေါ်ငလျင် အခြေအနေကို တုံ့ပြန်ရာမှာ အထောက်အကူဖြစ် စေနိုင်တယ်လို့ သူကဆိုပါတယ်။ 

နိုင်ငံတကာ အကူအညီတွေကို ပြီးခဲ့တဲ့စနေနေ့က အလက်ပိုမြို့ဆီ ပို့ဆောင်ခဲ့ပြီး ဖြစ်သလို လာမယ့်ရက်တွေအတွင်းမှာလည်း နောက်ထပ်အကူအညီပို့ဆောင်မှုတွေ ရောက်လာဖိုရှိတယ်လို့ သိရပါတယ်။ 

ငလျင်လှုပ်ခတ်ခဲ့ပြီးကတည်းက ဒါဇင်နဲ့ချီတဲ့ အကူအညီပေးရေး လေယာဉ်တွေဟာ ဆီးရီးယား အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေဆီကိုသာ ရောက်ရှိလာခဲ့ပြီး ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဆီးရီယားအနောက်မြောက်ပိုင်းကိုတော့ အကူအညီ နည်းနည်းသာ ရောက်ရှိလာခဲ့ပါ တယ်။

Up