ရောမမြို့ မွေ့ထိုင်းပွဲစဉ်မှာ ဘရော်နီကာ အနိုင်ရ

အီတလီနိုင်ငံ၊ ရောမမြို့မှာ ဧပြီလ ၂၂ ရက် စနေညပိုင်း ကျင်းပခဲ့တဲ့ ထိုင်းဖိုက်ရောမ ၂၀၂၃ မွေ့ထိုင်းပွဲစဉ်မှာ အီတလီ လက်ဝှေ့မယ် အက်စတာဗွိုင်အိုလာနဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာတို့ ထိုးသတ်ခဲ့ကြတဲ့ပွဲမှာ ဘရော်နီကာက အမှတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ Thai Fight ဆီက သိရပါတယ်။
အဲ့ဒီ မွေ့ထိုင်းပွဲစဉ်ကို ၅၃ ကီလိုတန်းနဲ့ သုံးချီ ထိုးသတ်ခဲ့ကြတာလို့ သိရပြီး ပွဲချိန်ပြည့်သွားတဲ့အချိန်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အမှတ်အသာစီးနဲ့ အနိုင်ရရှိသွားတာပါ။
ရောမမြို့မှာ ကျင်းပခဲ့တဲ့ ပွဲစဉ်မှာ လက်ဝှေ့လက်အိတ်သုံး ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် လေ့ကျင့်မှုတွေနဲ့ ပြင်ဆင်မှုတချို့ပြုလုပ်ခဲ့ရပြီး သူ့ရဲ့ ဥရောပပွဲစဉ် ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဘရော်နီကာက ထိုင်းဘုရင်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိထားသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ Thai Fight ပွဲစဉ်မှာပဲ ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တဲ့အပြင် မွေ့ထိုင်းပွဲစဉ်တွေမှာ ၁၁ ပွဲဆက်တိုက် အနိုင်ရထားတဲ့ စံချိန်ရရှိထားပါတယ်။