စပိန်နိုင်ငံတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်

စပိန်နိုင်ငံမှာ ဧပြီလအတွက် စံချိန်ချိုးမယ့် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တဲ့ အပူချိန်က တပတ်ကြာ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
အာဏာပိုင်တွေက အများသုံး ရေကူးကန်တွေ စောစောဖွင့်ပြီး ကျောင်းအချိန်ဇယားတွေ ပြောင်းဖို့ စီစဉ်နေတာပါ။
ကာလရှည်ကြာ မိုးခေါင်မှုနဲ့အတူ အာဖရိကတိုက်မှာ လေငြိမ်နေပြီး နေရောင်ခြည် ပြင်းထန်နေလို့ အပူချိန် အလွန်ပူပြင်းပြီး ခြောက်သွေ့နေတယ်လို့ စပိန် မိုးလေဝသအေဂျင်စီ AEMET က ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။
ကော်ဒိုဘာမြို့ အပါအဝင် တောင်ပိုင်း ဂွါဒယ်ကေဗီးလ်ချိုင့်ဝှမ်းမှာ အပူချိန် ၃၈-၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်လို့ ဒီအပူချိန်ဟာ နွေရာသီမှာ ပုံမှန်လို့ AEMET က ထပ်လောင်း ပြောကြားပါတယ်။
စပိန်မိုးလေဝသဌာနက တရားဝင်ဒေတာထိန်းသိမ်းမှု စတင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်နောက်ပိုင်း ဧပြီလအတွက် အမြင့်ဆုံးကိန်းဂဏန်း ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။
အပူရှိန်ကြောင့် နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဟာ တောမီးအန္တရာယ် မြင့်မားနေတယ်၊ ဒါမှမဟုတ် အလွန်အမင်း အန္တရာယ်ရှိနိုင်တယ်လို့ AEMET က ပြောခဲ့ပါတယ်။
အေဂျင်စီက အကြီးတန်း မိုးလေဝသပညာရှင် ရိကာဒို တော်ရိဂျို က ရာသီဥတုဟာ အာဖရိက ကနေ အီဘေရီယံကျွန်းဆွယ်အထိ အပူလှိုင်းဖြတ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စပိန်နိုင်ငံရဲ့ အပူဆုံးဒေသဖြစ်တဲ့ အနောက်တောင်ပိုင်းရှိ ဆယ်ဗီးယာမှာ ပြီးခဲ့တဲ့နှစ် နွေဦးပွဲတော်မှာ အပူဓာတ်ပင်ပန်းနွမ်းနယ်မှုကြောင့် ကျန်းမာရေးဝန်ထမ်း အရေအတွက် ပိုတိုးခန့်ထားခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုဘတ်ဂျက်ကို မြှင့်တင်ခဲ့ရပါတယ်။
မနှစ်က ပွဲတော်လာ ပရိသတ် ခန့်မှန်းခြေ အယောက် ၅ သိန်းထိ ဆွဲဆောင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။