close

တတိယကမ္ဘာစစ် နီးလာပြီဟု ရုရှားကြေးစားစစ်တပ် တည်ထောင်သူ သတိပေး

တတိယကမ္ဘာစစ်ကြီး နီးလာပြီလို့ ရုရှားပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီ ဝဂ္ဂနာအုပ်စုကို တည်ထောင်သူ ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်က ဧပြီ ၂၅ ရက်မှာထုတ်ပြန်တဲ့ ဗွီဒီယိုကနေ သတိပေးပြောပါတယ်။

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီရဲ့ လက်ရှိ လက်ထောက်အကြီးအကဲနဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က အင်္ဂါနေ့ကကျင်းပတဲ့ လူငယ်ဖိုရမ်မှာ ပြောခဲ့တဲ့ အလားတူ သတိပေးချက်ကို ပရီဂေါ့ရှင်က ပဲ့တင်ထပ် ပြောဆိုလိုက်တာပါ။

ပရီဂေါ့ရှင်က အမျိုးသားတွေကို ဝဂ္ဂနာအုပ်စုမှာပါဖို့ တိုက်တွန်းခဲ့ပြီး သူ့အဖွဲ့ဝင်တွေဟာ မနေ့က သာမန်ယောက်ျားလေးတွေသာ ဖြစ်ကြပြီး ခုတော့ နိုင်ငံကို ကာကွယ်နေပြီလို့ ပြောပါတယ်။

ဝဂ္ဂနာအုပ်စုနဲ့ ပုံမှန် ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်တွေ ခေါင်းမာမာနဲ့ ခုခံနေတဲ့ ဘတ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းရင်း အဆုံးအရှုံးတွေ အကြီးအကျယ် ကြုံတွေ့နေရလို့ ဝဂ္ဂနာခေါင်းဆောင်ဟာ ဝန်ထမ်းအသစ်တွေ စုဆောင်းနေရတာပါ။

ဘတ်မွတ်မြို့တိုက်ပွဲဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပြင်းထန်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း စတာလင်ဂရက်ဒ်တိုက်ပွဲထက် လပေါင်းများစွာ ကြာခဲ့ပါပြီ။

ပရီဂေါ့ရှင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်တန်းအရာရှိတွေနဲ့ အဆင်မပြေဖြစ်နေပုံရပြီး ခဲယမ်းမီးကျောက်တွေ ပံ့ပိုးပေးဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲထားပါတယ်။

Up