ရုရှား ဒရုန်းထုတ်လုပ်ရေးလုပ်ငန်း ဒေါ်လာ ၁၂ ဘီလီယံကျော် တန်ကြေးရှိဟု သမ္မတပူတင် ပြော

ရုရှား မောင်းသူမဲ့လေယာဉ် ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းဟာ ယာဉ်တွေရဲ့ ဘက်စုံအသုံးပြုနိုင်မှု အဆင်ပြေပြီး ထုတ်လုပ်မှုမြှင့်တင်ဖို့ အစီအစဉ်ကို ချမှတ်ပြီးတာနဲ့ မကြာခင်မှာပဲ ရူဘယ် ၁ ထရီလီယံ (ဒေါ်လာ ၁၂ ဒသမ ၂၅ ဘီလီယံ) တန်ကြေးရှိနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဧပြီ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ရုရှားဟာ သူ့ရဲ့ မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) တွေ ကိုယ်ပိုင်ထုတ်လုပ်မှုကို တိုးမြှင့်ဖို့နဲ့ စစ်ဘက်နဲ့ အရပ်ဘက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့အတွက် အခြေခံအဆောက်အအုံတွေ ဖန်တီးဖို့ဆိုပြီး ပူတင်က ညွှန်ကြားထားပါတယ်။
ပူတင်ဟာ ၂၀၃၀ ခုနှစ်အထိ ဒရုန်းတီထွင်မှုအတွက် မဟာဗျူဟာကို အမိန့်ပေးထားပါတယ်။ ပူတင်က သူနဲ့ ဒရုန်းထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အမှုဆောင်အရာရှိတွေဟာ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ဒီလုပ်ငန်းကနေ ရူဘယ် ၅၀၀ ဘီလီယံ တန်ဖိုးရှိနိုင်ကြောင်း ကိန်းဂဏန်းတွေ ပြသနေတာကို ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“အားလုံးဟာ နိုင်ငံတော်နဲ့အတူ လက်တွဲလုပ်ဆောင်မယ်ဆိုရင် ရူဘယ် ၁ ထရီလီယံအထိ ရှိလာမှာဖြစ်ကြောင်း” သူက ဆိုပါတယ်။
ဒရုန်းတွေ အထူးဒီဇိုင်းထုတ် လုပ်ဆောင်ထားတဲ့ မော်စကိုမြို့ရှိ စက်မှုနယ်မြေတခုကို သွားရောက်ခဲ့ပြီးနောက်မှာ ပူတင်က မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) တွေကို စီးပွားရေးရဲ့ အစိတ်အပိုင်းတိုင်းနီးပါးမှာ အသုံးပြုနိုင်ကြောင်းလည်း ပြောပါတယ်။
ရုရှားဟာ ဒရုန်းအများအပြားကို ထုတ်လုပ်နေပြီဖြစ်ပေမဲ့ အဲဒါတွေဟာ သိပ်အဆင့်မြင့်ခြင်း မရှိတဲ့အပြင် မော်စကိုဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ အီရန်လုပ် ရှာဟဒ် ဒရုန်းယာဉ်တွေကို အဓိက အသုံးပြုနေတာပါ။
ရုပ်မြင်သံကြားကနေ ပူတင် မိန့်ခွန်းပြောကြားချိန်မှာ အမှုဆောင်တဦးက ဒရုန်းတွေဟာ တောင်သူလယ်သမားတွေအတွက် အထူးအထောက်အကူဖြစ်လိမ့်မယ်လို့ ပြောဆိုပါတယ်။ ဒါကို ဖက်ဒရယ် စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ သိထားသင့်တယ်လို့ ပူတင်က ပြောသွားပါတယ်။