close

မန်ယူနှင့် နယူးကာဆယ်တို့ ရှုံးပွဲတွေ့မှ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဟု လီဗာပူးနည်းပြပြော

မန်ယူနဲ့ နယူးကာဆယ်အသင်းတွေ ရှုံးပွဲတွေ့မှပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နိုင်ကြောင်း လီဗာပူး နည်းပြ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ မနေ့ညက စပါးအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံး  ၄ ပွဲ ဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

ဒါကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းလာခဲ့ပြီး အဆင့် ၄ နေရာက မန်ယူနဲ့ တစ်ပွဲပို ၇ မှတ်အကွာနဲ့ ရပ်တည် နေတာပါ။

နယူးကာဆယ်အသင်းနဲ့လည်း ၉ မှတ်ကွာဟနေတာဖြစ်လို့ အဲဒီနှစ်သင်း စလုံးနိုင်ပွဲရနေသမျှ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ မဖြစ်နိုင်ကြောင်း နည်းပြကလော့ပ်က သုံးသပ်ခဲ့တာပါ။ 

“ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ နိုင်ပွဲတွေရနေသမျှ ကျနော်တို့ ဘယ်လိုလုပ်ပြီး အဆင့် ၄ အတွင်း ဝင်မလဲ။ သူတို့ ရှုံးပွဲတွေ့မှပဲ နီးစပ်လာနိုင်တယ်။ ကိုယ်ကစားရမယ့် ပွဲတွေကို အနိုင်ကစားပြီး ယူရိုပါလိဂ် ဖြစ်ဖြစ်ဝင်ခွင့်ရအောင်ပဲ လုပ်ဆောင်သွားရုံပဲပေါ့”လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။ 

ကလော့ပ်ဟာ စပါးနဲ့ပွဲမှာစဉ်မှာ အနိုင်ဂိုးအတွက် အောင်ပွဲခံစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပေမဲ့ ဒဏ်ရာအခြေအနေ အဆင်ပြေကြောင်းလည်း မှတ်ချက်ပေးသွားပါတယ်။

Up