ဆူဒန်မြို့တော် ခါတွန်မ်တွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေ

ဆူဒန်မြို့တော် ခါတွန်မ်ကို မေ ၁ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ကောင်းကင်ယံမှာ အနက်ရောင် မီးခိုးတိမ်တွေ တက်လာခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားပေမယ့် ပြိုင်ဘက် စစ်တပ်အုပ်စုတွေကြားမှာ တိုက်ပွဲတွေ ရပ်မသွားခဲ့ပါဘူး။
ပြည်ပနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း နေသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လို့ ပြိုင်ဘက်စစ်တပ်တွေကြား အပစ် အခတ် ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ၇၂ နာရီကြာ သက်တမ်းတိုးဖို့ နှစ်ဖက်စလုံးက ဧပြီ ၃၀ မှာ သဘောတူခဲ့ကြပြီး ဆော်ဒီအာရေဗျမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ကျင်းပ နိုင်တယ်လို့ ကုလသမဂ္ဂက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် တနင်္လာနေ့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အမြောက်တွေ ပစ်ခတ်မှုတွေကြောင့် ခါတွန်မြို့နဲ့ အိမ်နီးချင်းမြို့တွေပေါ်မှာ မီးခိုးငွေ့တွေ ပျံ့နှံ့နေပါတယ်။
ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား ပဋိပက္ခတွေ ဧပြီ ၁၅ ရက်က စပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်း လူရာနှင့်ချီ သေဆုံးပြီး ထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့ ပါတယ်။