close

မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် တူရကီ ထုတ်မည်

တူရကီကာကွယ်ရေးကုမ္ပဏီ ဘိုက်ကာဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေတဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် (UCAV) ကို လာမယ့်နှစ်မှာ စထုတ်ဖို့ ရည်မှန်းထားတယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဆဲလ်ချုဘိုက်ရတ်တာက ဧပြီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ဘိုက်ကာကုမ္ပဏီဟာ ယူကရိန်း၊ အဇာဘိုင်ဂျန်နှင့် မြောက်အာဖရိကတို့မှာ သုံးခဲ့တဲ့ ကုမ္ပဏီရဲ့ အပေါ့စားမောင်းသူမဲ့လေယာဉ် TB-2 ကြောင့် မကြာသေးမီ နှစ်တွေအတွင်း နိုင်ငံတကာမှာ ထင်ပေါ် ကျော်ကြားလာခဲ့တာပါ။

ကုမ္ပဏီကိုလည်း တူရကီ ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချသူတွေထဲက အကြီးမားဆုံးသော ကုမ္ပဏီ တစ်ခုဖြစ်လာစေဖို့ တွန်းအားပေးပါတယ်။ 

ခီဇီလေမာလို့ နာမည်ပေးထားတဲ့ ဒရုန်းဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို နှေးကွေးတဲ့ မြေပြင်တိုက်ခိုက်ရေး ဒရုန်းတွေကနေ တိုက်လေယာဉ်တွေနဲ့ တွဲဖက်လုပ်ဆောင်နိုင်တဲ့ လျင်မြန် သွက်လက်ပြီး  ကိုယ်ပိုင် ပဲ့ထိန်းနိုင်တဲ့အထိ အဆင့်မြင့်တဲ့ ဒရုမ်းယာဉ်တွေအထိ ထုတ်လုပ်မှုကို ချဲ့ထွင်ထားပါတယ်။ 

၁၅ မီတာရှည်တဲ့ ဂျက်လေယာဉ်သုံး UCAV ရဲ့ ဒီဇိုင်းကို ဦးဆောင်သူ ဘိုက်ရတ်တာက “အဲဒါကို လူသားတွေရဲ့အမြင်အရ ဝေဟင်ကနေ ဝေဟင်ပစ် တိုက်ခိုက်ရေးယာဉ်အဖြစ် ဒီဇိုင်းထုတ်ထားတာပါ။ တနည်းအားဖြင့်  ဒီဒရုန်းယာဉ်ဟာ တိုက်ခိုက်ရေးလေကြောင်းအတွက် အနာဂတ်တစ်ခုလုံးကို ဖော်ပြ ထားတယ်။" လို့ ပြောပါတယ်။ 

ဘိုက်ကာကို လာမယ့်နှစ်မှာ ပမာဏနည်းနည်းနဲ့ စတင်ထုတ်လုပ်ဖို့ စီစဉ်ထား ပါတယ်။ ခီဇီလေမာ ဒရုန်းယာဉ်ကို ဒီဇင်ဘာလက ပထမဆုံး ပျံသန်းခဲ့ပြီး ခုလထဲမှာ ဘိုက်ကာရဲ့ တခြားဒရုန်းတွေနဲ့ စပြီး စမ်းသပ်ခဲ့ပါတယ်။

ဒရုန်းယာဉ်ဟာ ဂျက်လေယာဉ် တွေနဲ့အတူ စတင်စမ်းသပ် ပျံသန်းဖို့ အသင့်ဖြစ်နေပါပြီ။ တူရကီရဲ့  ကုန်း ရေ နှစ်သွယ် ခုတ်မောင်းနိုင်တဲ့ သင်္ဘောပေါ်မှာ လာမယ့်နှစ်ကစပြီး ဖြန့်ကြက် တာဝန်ချဖို့ကိုလည်း စီစဉ်ထား ပါတယ်။ 

ဒရုန်းယာဉ်ရဲ့ အထူးပြု စွမ်းရည်တွေအရ ပို့ကုန်နည်းတဲ့ စျေးကွက်တွေဆီ ပေးပို့နိုင်ပေမယ့် ဒရုန်းအသစ်အတွက် ပြည်ပကနေဝယ်လိုအား ရှိနေပါပြီ။ 

တူရကီသမ္မတ တေယစ်အာဒိုဂံရဲ့ သားမက်ဖြစ်သူ ဘိုက်ရတ်တာက သူ့ရဲ့ ကိုယ်ပိုင် ဖောင်ဒေးရှင်းကနေ စီစဉ်ကျင်းပတဲ့ အာကာသယာဉ်နဲ့ နည်းပညာပွဲတော်ရဲ့ ဆက်စပ် အစည်းအဝေးမှာ စကားပြောခဲ့ပါသေးတယ်။

ထင်ရှားတဲ့ စစ်ဘက်ဆိုင်ရာ ပရောဂျက်တွေကို အာဒိုဂန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ထင်ထင်ရှားရှား ပုံဖော်လေ့ ရှိပါတယ်။

ဒရုန်းကိုတော့ အမျိုးသားရေး ဆန္ဒရဲ့ အထွတ်အထိပ်အဖြစ် ရှုမြင်ပြီး တူရကီဟာ ကစားသမား တဦးသာမက ကစားပွဲကို ဖန်တီးသူဖြစ်ကြောင်း ကမ္ဘာကို ပြနိုင်တဲ့ နေရာပဲလို့ ဘိုက်ရတ်တာက ပြောခဲ့ပါတယ်။

Up