close

၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဖွင့်ပွဲကို ဖနွမ်းပင်မြို့ရှိ အမျိုးသားအားကစားကွင်း၌ ကျင်းပရန် ပြင်ဆင်

ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့  မြို့တော်ဖနွမ်းပင်ရှိ မိုရိုဒေါ့ခ်တေချို အမျိုးသားအားကစားကွင်းကြီးမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ 

ဒီအရှေ့တောင်အာရှနိုင်ငံမှာ ဆယ်စုနှစ် ၃ ခုကြာ ပြည်တွင်းစစ်နဲ့အတူ ဆယ်စုနှစ် ၂ ခုကြာ စစ်ပြီးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကြောင့် ၂ နှစ် တကြိမ် ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးကို တခါမှ လက်ခံကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဒေသတွင်းအားကစားသမားတွေဟာ ဆီးဂိမ်းပြိုင်ပွဲကြီးရဲ့ အားကစားနည်း ၃၇ မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံရဲ့ ရိုးရာအားကစားနည်းတွေဖြစ်ကြတဲ့ ခမာစစ်တုရင် ပြိုင်ပွဲအပါအဝင် ဘိုကတ်တောနဲ့ ခွန်ခမာလိုမျိုး ကိုယ်ခံပညာအားကစားနည်း ၂ ခုကိုပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဆီးဂိမ်းပြိုင်ပွဲတွေဟာ ရိုးရာအားကစားနည်းတွေကို နိုင်ငံရပ်ခြားပရိသတ်တွေဆီ ထုတ်လွှင့် ပြသနိုင်မယ့် အခွင့်အရေးတစ်ရပ် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ကြောင်း ပြည်တွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဆီးဂိမ်းပြိုင်ပွဲဆိုင်ရာ ဝင်ခွင့်လက်မှတ်တွေဟာ နိုင်ငံသားအားလုံးအတွက် အခမဲ့ဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။ 

ဒီလို အားကစားနည်းမျိုးစုံပါဝင်တဲ့ ၃၂ ကြိမ်မြောက် ဒေသတွင်း ဆီးဂိမ်းပြိုင်ပွဲကြီးကို  မေ ၅ ရက်က ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဘောလုံးပွဲစဉ်တွေကတော့ ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက စတင်ကျင်းပနေပြီဖြစ်ပါတယ်။ 

Up