close

ရုရှားအမျိုးသားရေးဝါဒီ စာရေးဆရာ ဇာခါရ်ပရီလက်ပင် ကားဗုံးခွဲခံရမှုတွင် ဒဏ်ရာရ

ထင်ရှားတဲ့ ရုရှားအမျိုးသားရေးဝါဒီ စာရေးဆရာ ဇာခါရ်ပရီလက်ပင်ဟာ မေလ ၆ ရက် စနေနေ့က ကားဗုံးခွဲခံရမှုမှာ ဒဏ်ရာရရှိခဲ့ပြီး ဒီကားဗုံးကွဲမှုကို ရုရှားက ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကို ချက်ချင်း အပြစ်တင်လိုက်တယ်။

မော်စကိုမြို့အရှေ့ဘက် မိုင် ၂၅၀ လောက်အကွာရှိ နီဇီနာဗ်ဂိုရော့ဒ်ဒေသမှာ ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက တယ်လီဂရမ်မှာ ပြောပါတယ်။

“၀ါရှင်တန်နဲ့ နေတိုးတို့ဟာ တခြားနိုင်ငံတကာအကြမ်းဖက်အဖွဲ့ ကိယဗ်အစိုးရကို မွေးကျွေးထားတယ်ဆိုတဲ့ အချက်အလက်တွေက အမှန်တကယ် ဖြစ်လာခဲ့ပြီ” လို့ ရေးသားခဲ့တာပါ။

ဒီဖြစ်ရပ်က အမေရိကန်နဲ့ ဗြိတိန်တို့မှာ တိုက်ရိုက်တာဝန်ရှိကြောင်းလည်း သူက ပြောခဲ့ပေမဲ့ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဘာသက်သေအထောက်အထားမှ မပြခဲ့ပါဘူး။

စုံစမ်းစစ်ဆေးရေးမှူးတွေဆီက ဘာသတင်းအချက်အလက်မှ မရရှိထားခြင်းအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုထားကြောင်း ကရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ရဲ့ ပြောကြားချက်ကို TASS သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။ 

ပရီလက်ပင်ဟာ ယူကရိန်းမှာ ကျူးကျော်သူ ရုရှားရဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ထောက်ခံသူလို့ လူသိများတဲ့ ဝတ္ထုရေးဆရာတစ်ဦးဖြစ်ပြီး  Follower ၃ သိန်းကျော်ရှိတဲ့ တယ်လီဂရမ်၊ သူ့ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်နဲ့ ယူကျုချန်နယ်တွေမှာ သူ့ရဲ့ အမျိုးသားရေးအမြင်တွေကို တင်ပြသူဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားမကျူးကျော်ခင်က ယူကရိန်းအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသမှာ ရုရှားအတွက် ကြားခံစစ်ပွဲတွေ တိုက်ပေးခဲ့တုန်းက သူ့တပ်စိပ်ဟာ လူအများအပြားကို သတ်ပစ်ခဲ့ကြောင်း ၂၀၁၉ ခုနှစ်က ယူကျုချန်နယ်မှာ ကြွားလုံးထုတ် ပြောခဲ့ဖူးပါတယ်။ 

Up