မန္တလေး ၄၉ လမ်း၊ ၁၂၂ လမ်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုများ ပြုလုပ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်း၊ ၁၂၂ လမ်း ပတ်ဝန်းကျင်မှာ ဇွန်လ ၂၈ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ သေနတ်နဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် အနီးအနားပတ်ဝန်းကျင်က ပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြပြီး စိုးရိမ်မှုကြောင့် ကန်ကြီးကုန်းရပ်ကွက်ဈေး ပိတ်လိုက်ရတယ်လို့ သိရပါတယ်။
“ဘာအကြောင်းနဲ့ ပစ်တယ်ဆိုတာ မသိရဘူး။ ငါးချက် ခြောက်ချက် ဆင့်ပစ်တာ။ ဒီနားက ဈေးသည်တွေတောင် လန့်ပြီး သိမ်းကုန်ကြတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပြန်လည်ထွက်သွားကြတယ်လို့ သိရပါတယ်။
မနေ့က ဇွန်လ ၂၇ ရက်နေ့ကလည်း ၄၉ လမ်း၊ ၁၂၂ လမ်း ပတ်ဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်နေကြပါတယ်။