close

ပိုလီယိုဝေဒနာရှင် မိဘမဲ့ မြန်မာကလေးငယ် ၁ ဦး အကူအညီ လိုအပ်နေ

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့ကျဲမ်မြို့နယ်၊ ပန်အုံကျေးရွာက အသက် ၆ နှစ်သားရွယ် ကလေးငယ်တစ်ဦးဟာ မွေးကတည်းက ပိုလီယိုရောဂါဖြစ်ပြီး အိပ်ရာကမထနိုင်ရတဲ့အထဲ မိဘ နှစ်ပါးလုံး ကွယ်လွန်သွားတဲ့အတွက် အကူအညီလိုအပ်နေပါတယ်။

သူ့မိဘတွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စုက  စိုင်းထွန်းဖေနဲ့ နန်းရွှေလှတို့ဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်စဉ် ဆုမ်ချိုင်းဆိုတဲ့ သားလေးတယောက် ဖွားမြင်ခဲ့တာပါ။

ဒါပေမဲ့ ကလေးဟာ မွေးကတည်းက ခြေ လက်တွေ မသန်စွမ်းဘဲ ကျောရိုးလည်းပျော့နေလို့ အိပ်ရာထဲသာ လှဲနေပြီး အစာကိုလည်း တစုံတယောက်က ခွံ့ကျွေးမှရတယ်လို့ အနီးနားနေ ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကလေးရဲ့အမေက ကလေး ၂ နှစ်သားလောက်ကတည်းက အရင်ဆုံးသွားတယ်ခင်ဗျ။ သူ့အဖေ ကပဲ ကြုံရာကျပန်း အလုပ်လုပ်ပြီး သား စောင့်ရှောက်လာတာ။ သူ့အဖေက မနေ့ကပဲ ဆုံးသွားတာ။ ဘာရောဂါလဲတော့ မသိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့အဖေ အလုပ်ဆင်းတာမတွေ့လို့ သွားကြည့်တော့ နေလို့မကောင်းဘူးတဲ့၊ ဆေးရုံလည်း မသွားနိုင်ဘူး၊ မနေ့မနက်ကတော့ ဆုံးသွားတယ်။ သူ့အလောင်းကို  ချက်ချင်းပဲ သင်္ဂြိုဟ်လိုက်တယ် ကိုဗစ်-၁၉ ကာလဆိုတော့လေ။”

မိဘနှစ်ပါးလုံး ဆုံးသွားတော့ ကလေးငယ်မှာ ပြုစုစောင့်ရှောက်သူ ကင်းမဲ့နေကြောင်း၊ လောလောဆယ် အိမ်နီးနားချင်းတွေက တလှည့်စီ လာကြည့်ပေးပေမယ့် အားလုံးက တနေ့လုပ် တနေ့စား ရွှေ့ပြောင်းလုပ်သားတွေချည်းဖြစ်လို့ ရေရှည်မှာ ကလေးငယ်ကို ကူညီဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရပ်ဝေးရပ်နီးမှ စေတနာရှင်တွေအနေနဲ့ ကလေးငယ်ကို ကူညီလိုပါက ဆုမ်ချိုင်းရဲ့ အိမ်နီးချင်း ဖုန်းနံပါတ် - ၀၆၅ ၂၉၃ ၅၄၈၄ /  ၀၈၆ ၁၈၀ ၈၇၇၀  သို့ ဆက်သွယ်ကူညီနိုင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up