close

ကိုဗစ်လူနာသစ် ၂၉၀၀ ကျော်တွင် လောက်ကိုင်နှင့်လက်ပံတန်းမြို့က အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်  ၂,၉၆၉ ယောက် ရှိခဲ့ပြီး ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွေက ပိုးတွေ့လူနာ ရာချီနဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော် ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်း အဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၀၂၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၉၆၉ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၂၆ ဒသမ ၉၃ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ရက်တွေကထက် ပိုမိုများပြားလာပါတယ်။

ဒါ့အပြင် လူနာ ၄၂ ယောက် ထပ်မံသေဆုံးခဲ့တာမို့ ဒါဟာ ပြီးခဲ့တဲ့ တပတ်အတွင်း တရက်တည်း ကိုဗစ်-၁၉ သေဆုံးမှုအရေအတွက် စံချိန်တင်ပမာဏ ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးမှုအသစ် ၃၅ ယောက် ရှိခဲ့ပြီး ဆက်တိုက်မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၇၅၈ ယောက် ရှိနေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၃,၄၆၁ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၆၈,၃၇၄ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူးတိုင်းဒေသကြီးက ၆၈၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်က  ၄၅၀ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၃၄၈ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၂၅၂ ယောက်၊ မန္တလေးတိုင်းဒေသကြီးက ၂၄၃ ယောက်၊ ဧရာဝတီတိုင်းဒေသကြီးက ၂၃၇ ယောက်စီနဲ့ အစဉ်လိုက် ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up