မန္တလေးမြို့တွင် ရေမီတာပိုက်လိုင်းတူးရာက ကျောက်စိမ်းဖြတ်စများတွေ့ရှိ











မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၄ လမ်း နဲ့ ၄၅ လမ်းကြားမှာ ရေမီတာပိုက်လိုင်း မြောင်းတူးရာကနေ ကျောက်စိမ်း ဖြတ်သား၊ ဖြတ်စ တချို့ တွေ့ရှိခဲ့ပါတယ်။
ကျောက်စိမ်း ဖြတ်သား၊ ဖြတ်စတွေကို ဇူလိုင် ၅ ရက်လောက်က စတင်တွေ့တာဖြစ်ပြီး အဲ့ဒီလိုရှာတွေ့တဲ့အတွက် အနီးအနားပတ်ဝန်းကျင်က လူတချို့ လာရောက်ရှာဖွေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ကျောက်သမားတစ်ဦးက “အရင် လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်တုန်းက အဲ့နားမှာ ကျောက်ဝိုင်းဖြစ်ခဲ့ဖူးတယ်။ ငါတို့အခေါ် မတ်တပ်ဝိုင်း မနက် လေးနာရီလောက်ဖွင့်တာပေါ့။ အရင်က လိုက်ဖမ်းတာတွေရှိတယ်။ ကျောက်နဲ့အတူ မိရက် ဖမ်းတာ ဆိုတော့ တချို့ မြေထဲမြှုပ်ထားတာတွေ ရွှေတချောင်းမြောင်းထဲ လွှင့်ပစ်တာတွေရှိတယ်။ အရင်တုန်းကလည်း ရွှေတချောင်းမြောင်းထဲ နွံဆည်ရင်း ကျောက်တွေ့တာတွေရှိတယ်။” လို့ ပြောပါတယ်။
တွေ့ရှိတဲ့ ကျောက်စိမ်း ဖြတ်စ၊ ဖြတ်သား ဆိုဒ်အပေါ်မူတည်ပြီး စျေးနှုန်း ကျပ် ထောင်ပိုင်း ကနေ ကျပ် သောင်းပိုင်းလောက်အထိ ဈေးရကြတယ်လို့ သိရပါတယ်။