close

နယ်စပ်ဖြတ်ကျော် မြန်မာ ၁၅ ဦးကို ထိုင်းကင်းလှည့်စစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံဘက် တပ်ခ်ခရိုင်ထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ထိုင်းကင်းလှည့်စစ်တပ်က ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ဒေသခံရွာသားတွေရဲ့ သတင်းပေးတိုင်ကြားမှုနဲ့ တပ်ခ်ခရိုင်  မဲ့လမတ်မြို့နယ်က လယ်တောတဲအိမ်တလုံးထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါဝင်ပြီး ခရီးသွားလာခွင့်ဆိုင်ရာ အထောက်အထားတစုံတရာ မပါဝင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ၊ မရှိ ကနဦး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ မဲ့ရာမတ်ရဲစခန်းဆီ ပို့ဆောင်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းချက်တွေအရ ထိုင်းနိုင်ငံ၊ ဆမွတ်စခွန်နဲ့ ချွန်ဘူရီခရိုင်တွေထဲမှာ အလုပ်ရမယ်လို့ဆိုကာ တယောက်ကို ပွဲစားခ ဘတ် ၂၁,၀၀၀ စီပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာလည်း  မြန်မာနိုင်ငံမှ တရားမ၀င်အလုပ်သမား ၁၃ ဦးကို တနင်္ဂနွေနေ့မွန်းလွဲပိုင်းက ဆိုင်းယွတ်ခ်နယ်မြေမှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနီးအနားရှိ သစ်တောထဲမှာ ပုန်းအောင်းနေတယ်လို့ အကြောင်းကြားလိုက်ပြီးနောက်မှာ ဒေသအာဏာပိုင်တွေနဲ့ရဲအဖွဲ့ကို ဦးဆောင်ပြီး ထာခမ်စွတ်ရွာကို သွားတာလို့  ဆိုင်းယွတ်ခရိုင် ခရိုင်အကြီးအကဲက ပြောဆိုပါတယ်။ 

မြန်မာနိုင်ငံရှိ ပဲခူးတိုင်းမှ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၅ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ဟာ ပွဲစားတွေကို တယောက် ဘတ် ၂၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up