အီတလီနှင့်ပွဲတွင် ပင်နယ်တီကန်သွင်းမှု အကောင်းဆုံးသူများကို ဆောက်ဂိတ်ရွေးချယ်ခဲ့ခြင်းဖြစ်

အီတလီနဲ့ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီကန်သွင်းမှု အကောင်းဆုံးကစားသမားတွေကိုသာ နည်းပြ ဆောက်ဂိတ်က ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ကစားသမား ၃ ဦးအထိ လွဲချော်ခဲ့တာကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ အီတလီကို ရှုံးနိမ့်ခဲ့ရတာပါ။
ပထမဆုံးပင်နယ်တီကို ဟာရီကိန်း၊ ဒုတိယမြောက်ပင်နယ်တီကို မက်ဂွိုင်းယား၊ တတိယ၊ စတုတ္ထနဲ့ ပဉ္စမမြောက် ပင်နယ်တီတွေကိုတော့ ရက်ရှ်ဖို့ဒ်၊ ဆန်ချို နဲ့ ဆာကာတို့ကန်သွင်းခဲ့တာပါ။
အဲဒီကစားသမား ၅ ဦးဟာ လေ့ကျင့်ရေးကွင်းမှာ ပင်နယ်တီကန်သွင်းမှု အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အီတလီနဲ့ ပွဲမှာ ပင်နယ်တီဆက်ကန်ခွင့်ရခဲ့မယ်ဆိုရင် ဂရေးလစ်ရှ်၊ ပစ်ဖို့ဒ်နဲ့ ကယ်ဗင်ဖိလစ်တို့ကို အစဉ်လိုက်ကန်သွင်းစေမှာဖြစ်ပြီး စတာလင်ကိုတော့ နံပါတ် ၉ နေရာမှာ သတ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ ပင်နယ်တီကျိန်စာဆိုးကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက လေ့ကျင့်ရေးပြုလုပ်ပြီးတိုင်း ကစားသမားတွေကို ပင်နယ်တီ ကန်သွင်းလေ့ကျင့်စေခဲ့တယ်လို့ သိရပါတယ်။