close

လွှတ်တော်ကိုယ်စားလှယ်ကို မတွေ့သဖြင့် ဖခင်ဖြစ်သူအား စစ်တပ်က ပစ်သတ်

တိမ်းရှောင်နေတဲ့ ဆင်ပေါင်ဝဲမြို့နယ်က အမှတ်-၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးရန်မျိုးအောင်ကို လာဖမ်းရာမှာ မတွေ့တဲ့အတွက် သူ့ရဲ့ဖခင်ဖြစ်သူအား စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်နေ့မှာ ပစ်သတ်သွားလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာ ယာခင်းထဲမှာ စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

မိသားစုဝင်တစ်ယောက်က “အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရွာသတင်းပေး အယောက် ၂၀ လောက်က သေနတ်အချက် ၃၀ ကျော်ပစ်ပြီး ဦးတင်အုန်းကို ဖမ်းတယ်။ ခေါင်းနောက်စေ့၊ လည်ပင်းတွေကော သေနတ်ဒဏ်ရာ ၁၅ ချက်လောက်မှန်တယ်။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ အလောင်းကို ဆင်ပေါင်ဝဲ ပြည်သူ့ဆေးရုံသို့ ယူဆောင်သွားတယ်။ ရင်ကိုခွဲပြီး ဝမ်းတွင်းကလီစာတွေကို ထုတ်ထားတယ်။ အလောင်းကို ဒီနေ့ညနေ ၃ နာရီလောက်က ပြန်သယ်လို့ရတယ်” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်ဟာ စစ်ကောင်စီဘက်က CRPH နဲ့ NUG ကို မထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းတာကို မထိုးဘဲ တိမ်းရှောင်နေသူတယ်လို့ မိသားစုဆီက သိရပါတယ်။

ဦးရန်မျိုးအောင်ရဲ့ဖခင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးတင်အုန်းရဲ့ ဈာပနကို ဇူလိုင် ၁၇ ရက်နေ့ညနေ သင်္ဂြိုဟ်မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up