close

စစ်အာဏာရှင်ကိုတိုက်ထုတ်ရာတွင် ကရင်နီပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြရန် KNPP တိုက်တွန်း

အာဏာရှင်စစ်အုပ်စုရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ကရင်နီပြည်သူ လူထုတစ်ရပ်လုံးက ပူးပေါင်းကြဖို့ KNPP ပါတီက တိုက်တွန်းလိုက်ပါတယ်။

သြဂုတ် ၁၇ ရက်နေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားအကြိုမိန့်ခွန်းမှာ KNPP ပါတီရဲ့ အမြဲတမ်း ဗဟိုအလုပ်မှုဆောင် ခွန်းရီမာန်ထူးက အွန်လိုင်းကနေ အခုလို တိုက်တွန်းလိုက်တာပါ။

"ကျနော်တို့ရဲ့ ခုခံ‌တော်လှန်ရေးက ပါတီတစ်ခုအတွက်မဟုတ်ဘဲနဲ့ ကရင်နီတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ခုခံကာကွယ်ရေးတစ်ရပ်ဖြစ်ပါတယ်။ စနစ်တစ်ခုကို တော်လှန်တာမဟုတ်ဘူး။ တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရကို တော်လှန်တာ မဟုတ်ဘူး။ ဟိုဟာလိုချင်တယ်၊ ဒီဟာ လိုချင်တယ်လို့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကို တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ကို ကျူးကျော် လာတာကို ခုခံတာဖြစ်တဲ့အတွက် ခုခံကာကွယ်ရေးဖြစ်တယ်။ ကျနော်တို့ လူငယ်တွေသိဖို့က နေရင်းထိုင်ရင်းနဲ့ သူများတွေလို ထပြီးတိုက်တာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ လွတ်လပ်ရေးကို ကျူးကျော်တဲ့အတွက် ခုခံကာကွယ်တယ်ဆိုတာ ကျနော်တို့လူငယ်တွေ အားလုံးသိစေချင်တယ်။ အခုချိန်အခါမျိုးဟာ အင်မတန်မှ လုပ်ဆောင်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အစပိုင်းမှာတုန်းက ကရင်နီပြည်ဟာသီးခြားလွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့် ပြန်ရဖို့ တိုက်ကြတယ်။ နိုင်ငံတကာအ‌ခြေနေအရ ၂၀၀၀ ခုနှစ်မှာ တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဦးတည်ခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စု အမှန်တကယ်ပေါ်ထွန်းဖို့က ကျနော်တို့ KNPP ပါတီတစ်ခုတည်းနဲ့မရပါဘူး။ ကရင်နီပြည် လူထုအားလုံးပါဝင်မှာရပါမယ်။ အဲ့လိုမှ မဟုတ်ရင် အာဏာရှင်ဗမာစစ်အုပ်စုအောက်မှာ တစ်သက်လုံးနေသွားရမှာဖြစ်တယ်။"

လက်ရှိ ကရင်နီပြည်နယ်(ကယား)အတွင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းတွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူကာကွယ်ရေးတပ် (PDF) တို့ စုပေါင်းပြီး ရရာလက်နက်နဲ့ ခုခံကာကွယ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up