ဟေတီငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ နီးပါးရှိလာ

ဟေတီနိုင်ငံအနောက်တောင်ပိုင်းမှာ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူဦးရေဟာ သြဂုတ် ၁၇ ရက်မှာ အယောက် ၂,၀၀၀ နီးပါးရှိပြီဖြစ်ပြီး ဆေးရုံတွေက လူနာတွေကို ကုသနိုင်ရေး ကြိုးစားနေရကာ ရှင်သန်ကျန်ရစ်သူတွေကို ဆက်ရှာဖွေနေပါတယ်။
ဒဏ်ရာရသူ တရားဝင်ဦးရေ ၉,၉၁၅ ဦးထိ မြင့်တက်လာလို့ သူတို့အားလုံးကို ဆေးကုသနိုင်ရေး ဆေးရုံတွေက ကြိုးစားနေရတာပါ။
အပျက်အစီးတွေအောက်မှာ လူအများအပြား ပျောက်နေဆဲဖြစ်တယ်လို့ အရပ်ဘက် ကာကွယ်ရေးဌာနက ဩဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဘက်အကူအညီရရှိရေးအတွက် ငလျင်သင့် ပြည်သူတွေရဲ့ တောင်းဆိုသံတွေလည်း ပွက်ပွက်ညံနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ငလျင်ကြောင့် အမေရိကတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံ ဟေတီမှာ ထောင်သောင်းချီတဲ့ အဆောက်အအုံတွေ ပြိုကျခဲ့တာပါ။ ဟေတီမှာ လွန်ခဲ့တဲ့ ၁၁ နှစ်က ငလျင်ကြီးကြောင့် လူဦးရေ ၂ သိန်းကျော် သေဆုံးခဲ့ဖူးပါတယ်။