close

NUG နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စစ်ကောင်စီက လိုက်လံကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်  ရပ်ကွက်တွေထဲမှာ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်လံကြေညာနေပါတယ်။

ရှမ်းပြည်နယ် ကျိုင်းတုံ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့နယ်တွေ၊ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့နဲ့ ပဲခူးတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီကကြေညာချက်တွေ လိုက်လံကြေညာနေတာ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ NUG၊ PDF နဲ့ အစွန်းရောက် NLD ပါတီဝင်တွေက အဖျက်အမှောက်လုပ်ငန်းတွေလုပ်တယ်ဆိုတဲ့ ကြေညာချက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဩဂုတ် ၂၃ ရက် ညပိုင်းက လော်စပီကာနဲ့ လိုက်လံကြေညာတယ်လို့ ကျိုင်းတုံမြို့ခံတစ်ဦးက ပြောပါတယ်။

“NLD နဲ့ NUG က ကျန်းမာရေးကိစ္စတွေကို နှောက်ယှက်နေတာ ဖြစ်တယ်လို့ ပြောတာကတော့ ဒါသူတို့က ပြည်ဖျက်အဖွဲ့အစည်းဆိုတာ တံဆိပ်ကပ်တဲ့ သဘောပေါ့ဗျာ။ နောက်တစ်ခုကတော့ လူတွေကို မပူးပေါင်းဖို့ ဒီအဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ တော်တော်လေး ခြိမ်းခြောက်တဲ့ သဘောပေါ့။ လူတွေကို အကြောက်တရား ရိုက်သွင်းတဲ့သဘောပေါ့။ ထိရောက်လားဆိုတော့ ကျနော်ကတော့ သိပ်တော့ မထင်ပါဘူး။ နယ်မှာက စစ်တပ်က အကြမ်းဖက်တာတွေ လူထုက သိနေတဲ့အခါကတော့လေ။” 

အကြမ်းဖက်စစ်ကောင်စီဟာ အခုလို ဝါဒဖြန့်ကြေညာချက်တွေကို မြို့တိုင်းနီးပါမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်လမ်းဝင် တစ်လမ်းထွက် လော်စပီကာနဲ့လိုက်လံကြေညာနေတာဖြစ်ပါတယ်။ 

ရပ်ကွက်ထဲအထိ လိုက်အော်နေရတာဟာ စစ်ကောင်စီရဲ့ ဝါဒဖြန်ချိရေးလုပ်ငန်းတွေ အလုပ်မဖြစ်တာကို ပြနေတာလို့ ပြည်သူတချို့က သုံးသပ်ပါတယ်။

ကျိုင်းတုံမြို့ခံတစ်ဦး “အဓိကက ကျွန်တော်တို့မြင်တာကတော့ ရပ်ကွက်ထဲ အော်တယ်ဆိုတာကဗျာ သူတို့ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားက သုံးလို့မရတဲ့ အနေအထားကို ရောက်နေတယ်ဆိုတာ ပြနေတာပေါ့။ နောက်တစ်ခုကတော့ သာမန် ရပ်ကွက်ကြိုရပ်ကွက်ကြားတွေထဲအထိ လိုက်အော်တယ်ဆိုတာကတော့ သာမန်ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိအားပေးတဲ့ သဘောပေါ့”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ မြို့နယ်စည်ပင်သာယာရုံးရှေ့မှာလည်း ဩဂုတ် ၂၄ ရက်မနက်ပိုင်းက PDF များသိစေဖို့နဲ့ အများပြည်သူသိရှိစေဖို့ ရဲတွေက စာနှစ်‌စောင်ကပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာနှစ်စောင်ထဲမှာ “PDF များလက်နက်ချပါ၊ အလင်းဝင်ပါ၊ မချရင်လက်စတုန်းချေမှုန်းမည်၊ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးလုပ်ဆောင်ခဲ့ကြောင်း၊ PDF အဖွဲ့တွေဟာလည်း မြို့ရွာတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက် လက်စတုန်းချေမှုန်းရှ င်းလင်းသွားမယ့်အကြောင်း” ရေးသားထားတယ်လို့ ဆိုပါတယ်။

ရပ်ကွက်တွေထဲမှာ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်အော်တာဟာ NLD ပါတီနဲ့ NUG အစိုးရကို ပုံဖျက်ဖို့ ကြိုးစားတာဖြစ်ပြီး ပြည်သူလူထုကိုလည်း မပူးပေါင်းဖို့ အကြောက်တရားနဲ့ ခြိမ်းခြောက်တာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းကတည်းက NLD လက်ထက်ပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းအများစုဟာ CDM ဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက သတင်းပြန်ကြားတာ၊ ဝါဒဖြန့်တာတွေလုပ်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ MRTV နဲ့ MWD ရုပ်သံလိုင်းတွေကို သတင်းအမှားတွေလွှင့်နေတယ်ဆိုပြီး  ပြည်သူတွေက ဝေဖန်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up