close

ဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ် ကိုဗစ်ကူးစက်ခံထားရဟု မိသားစု ယုံကြည်၊ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာကို ဖမ်းဆီးထားခဲ့တာ ရက်ပေါင်း ၁၀၀ ရှိလာခဲ့ပြီဖြစ်ပြီး သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။

ဒန်နီဖန်စတာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အကျဉ်းထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ယုံကြည်ရကြောင်း မိသားစုက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

ဒန်နီဖန်စတာ ဖမ်းဆီးခံရတဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးနဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြချက်တစုံတရာမရှိဘဲ ငြင်းဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

“သူ့ကို ခုထိ ပြစ်ဒဏ်ချမှတ်တာမျိုး မလုပ်သေးဘူး၊ ဒါတခုခုပဲ” လို့  ဒန်နီဖန်စတာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်အာဏာသိမ်းမှု ၇ လအကြာ ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ် ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ သေဆုံးမှုတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကတော့ လက်ရှိမြန်မာနိုင်ငံအကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၅၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။

RSF ရဲ့ ကမ္ဘာ့အဖွဲ့အစည်းများ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၀ ရှိတယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up