ရွှေဘို၌ စစ်ကောင်စီတပ် ဖမ်းသွားသူ ၁ ဦး နာရီပိုင်းအတွင်း ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာမှာ စက်တင်ဘာ ၃ ရက် မနက် ၂ နာရီလောက်က ပြည်သူ ၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအတွင်းမှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူက ပြောပါတယ်။
ရွှေဘိုမြို့နယ် လုံးတော်ရွာမှာ ကိုနိုင်မျိုးကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး သတင်းပေးတာကြောင့် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလို့ သူငယ်ချင်းတဦးက ပြောပါတယ်။
“သူကိုဖမ်းပြီး နာရီပိုင်းပဲရှိသေးတယ်၊ သေဆုံးသွားပြီဆိုပြီး မိသားစုကို အကြောင်းကြားတယ် ဘာကြောင့်သေဆုံးသွားတယ်ဆိုတာ မပြောဘူး၊ ကျနော်တို့ ကိုနိုင်မျိုးအလောင်းကို သွားကြည့်တော့ ရိုက်နှက်ဒဏ်ရာတွေ့ရတယ်။ ကျောမှာလည်း ညိုမည်းပြီး ရိုက်နှက်ထားတာ တွေ့ ရတယ်။”
သေဆုံးသူ ကိုနိုင်မျိုးဟာ အသက် ၃၆ နှစ်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို ဒီနေ့ နေ့လယ် သင်္ဂြိုဟ်လိုက်ပါတယ်။