ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လိုအပ်ကြောင်း မန်ယူအသင်းဖော်များကို ရော်နယ်ဒိုတိုက်တွန်း

ဒီနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေကို ကစားသမားသစ်ရော် နယ်ဒိုက တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း မန်ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ရည်မှန်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကိုရယူနိုင်ဖို့ဖြစ်ကြောင်း အသင်းဖော်တွေကို ပြောခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းမှာ တချိန်က လုပ်ဆောင်ပြခဲ့ဖူးတဲ့အတိုင်း ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ်ဆုဖလားနဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေ ပြန်လည်ရယူနိုင်ဖို့ အထူးရည်မှန်းချက်ထားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေဟာလည်း ရော်နယ်ဒိုရောက်ရှိလာပြီး နောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ ပိုမိုစိတ်အားထက်သန်လာတယ်လို့ ယူနိုက်တက် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး The Sun ကဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာတော့ ပေါ်တူဂီအသင်းကနေပြန်လာပြီး မန်ချက်စတာမှာ ၅ ရက် သီးသန့်နေထိုင်နေရပါတယ်။