ဆူဇူကီးဖလားတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းများနှင့် မြန်မာ တွေ့ဆုံ

အာဆီယံဆူဇူကီးဖလားအုပ်စုခွဲဝေမှုကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ရာမှာ မြန်မာအသင်းက ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ခြေစစ်ပွဲအဆင့်မှာ အနိုင်ရတဲ့အသင်းနဲ့ အုပ်စု A မှာ ကျရောက်ခဲ့ပါတယ်။
ခြေစစ်ပွဲအဆင့်မှာ အရှေ့တီမောနဲ့ ဘရူနိုင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တခြားအုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုအသင်းတို့ အတူတွေ့ဆုံခဲ့ပါတယ်။
အာဆီယံချန်ပီယံရှစ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၅ ရက်ကနေ ဇန်နဝါရီ ၁ ရက်အထိ ယှဉ်ပြိုင်သွားမှာပါ။
အိမ်ရှင်နိုင်ငံ ၁ နိုင်ငံ ဒါမှမဟုတ် ၂ နိုင်ငံ ကျင်းပမှာဖြစ်ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက အိမ်ရှင်အဖြစ်ကျင်းပဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ အာဆီယံဖလား သမိုင်းတလျှောက် ထိုင်းအသင်းပါတဲ့ အုပ်စုမှာ (၂၀၁၄၊ ၂၀၁၂၊ ၂၀၀၇၊ ၂၀၀၄၊ ၂၀၀၀၊ ၁၉၉၈) ၆ ကြိမ်အထိ အတူတွေ့ဆုံဖူးပြီး နိုင်ပွဲရယူနိုင်ခြင်း မရှိသေးပါဘူး။