ဘိုလီးဗီးယားတွင် အသက် ၁၁ နှစ်သမီး၏ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရရေး အမျိုးသမီးများဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံက အမျိုးသမီးရေးရာအဖွဲ့တွေဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရသူ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချမှုမှာ ကက်သလစ် ဘုရားကျောင်းရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အောက်တိုဘာ ၂၉ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီမိန်းကလေးဟာ မိသားစုဝင်တစ်ဦးရဲ့ ကိုးလကျော် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတာပါ။ ကိုယ်ဝန် ၂၁ ပတ်အကြာမှ ပေါ်ပေါက်တွေ့ရှိခဲ့တာကြောင့် ဖျက်ချခွင့်ပြုပေးဖို့ မိသားစုဘက်က ခွင့်တောင်းခဲ့ပါတယ်။
ဘိုလီးဗီးယားနိုင်ငံရဲ့ ၂၀၁၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စီရင်ချက်မှာ မုဒိမ်းမှု၊ သွေးသားရင်းချာ အချင်းချင်း လိင်ဆက်ဆံမှု၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိသူရဲ့ အသက် သို့မဟုတ် ကျန်းမာရေးအတွက် အန္တရာယ်ရှိရင် တရားဝင်ဖျက်ချပိုင်ခွင့်ရှိပါတယ်။
ဘိုလီးဗီးယား သမ္မတရုံးဝန်ကြီးပရာဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စီရင်ချက် တရပ်ကို လိုက်နာဆောင်ရွက်တာ၊ နိုင်ငံရဲ့လက်ရှိစည်းမျဉ်းတွေအရ မိန်းကလေးရဲ့ကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်ပြုကြောင်း အတည်ပြုထားပြီးပါပြီလို့ ပြောပါတယ်။
ဒါပေမဲ့ လုပ်ထုံးလုပ်နည်းကိုခွင့်ပြုပြီး မိန်းကလေး ဆေးရုံတက်နေချိန်မှာ ကက်သလစ် ဘုရားကျောင်းက ဝင်ရောက်စွက်ဖက်ခဲ့တာပါ။
ဘာသာရေးအဖွဲ့တွေက အရွယ်မရောက်သေးသူရဲ့မိခင်ကို ဆက်သွယ်ပြီး ကိုယ်ဝန်ဖျက်ချတာ ဆက်မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆေးရုံကနေ ဆင်းခိုင်းခဲ့ပါတယ်။
ဘိုလီးဗီးယား ခရစ်ယာန်ဂိုဏ်းပေါင်းစုံညီလာခံရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဒီယေဂိုပလာက မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးနဲ့ ကိုယ်ဝန်ရှိစ ကလေးလေးရဲ့ အသက်နဲ့ ကျန်းမာရေးကို လေးစား အကာအကွယ်ပေးဖို့ ပြည်သူတွေကို အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
သမ္မတရုံးဝန်ကြီးကတော့ ဘာသာရေးယုံကြည်ချက်တွေကို လေးစားပေမယ့် လိင်ဆက်ဆံဖို့ ကြည်ကြည်သာသာ သဘောမတူထားတဲ့ မိန်းကလေးရဲ့အမှုကို ဝင်ဆုံးဖြတ်ပေးလို့ မရဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂကတော့ အရွယ်မရောက်သေးသူ မိန်းကလေးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဘိုလီးဗီးယားအာဏာပိုင်တွေကို တိုက်တွန်းထားပြီး ကိုယ်ဝန်ဆက်ရှိနေခြင်းဟာ နှိပ်စက်မှုပုံစံလို့ ယူဆနိုင်ကြောင်း ပြောထားတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
ဘိုလီးဗီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ အသက် ၁၅ နှစ်အောက် မိန်းကလေးတွေမှာ ကိုယ်ဝန်ဆောင်မှု ၉၅၃ မှုရှိပြီး တစ်ရက်ကို ပျမ်းမျှ ၄ ယောက်မှာ ကိုယ်ဝန်ရှိနေပါတယ်။