close

ကောလင်းမြို့နယ်၌ အထက်တန်းပြဆရာ ၁ ဦးအပါအဝင်ပြည်သူ ၄ ဦးအသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာမှာ နိုဝင်ဘာ ၃ရက်  မွန်းလွဲပိုင်းက   အထက်တန်းပြ ကျောင်းဆရာ တယောက် အပါအဝင်ပြည်သူ ၄ ယောက် အသတ်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

သတ်ဖြတ်ခံထားရသူတွေကတော့ အလယ်တန်းပြကျောင်းဆရာ ဦးဝေမင်းသူ၊ ကိုအောင်ကြည်လွင်၊ ကိုအောင်နိုင်ဝင်းနဲ့ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ဖြစ်ကြပါတယ်။

“ဒလန်လက်ညှိုးထိုးတဲ့အိမ်၊ မသင်္ကာတဲ့အိမ် ဝင်ဖမ်း၊ နှိပ်စက်သတ်ဖြတ်တာပဲ။ နေ့လယ်လောက်က ဖြစ်တာ ညနေပိုင်းမှ ဘယ်သူသေတယ်ဆိုတာ သိရတာ။ လူငယ်ပိုင်းသုံးဦးနဲ့ လူကြီး တဦး ၄ ဦး၊ ကျောင်းဆရာအပါအဝင်ပေါ့ " လို့ ဒေသခံတစ်ဦးက  ပြောပါတယ်။

တောင်မော်ကျေးရွာမှာ   နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက  စစ်ကောင်စီတပ်တွေက ကောလင်းကနေ  စစ်ကား ၇ စီးနဲ့ ရောက်ရှိလာပြီး တပ်စွဲထားတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

တောင်မော်ကျေးရွာဟာ  ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာမှာတည်ရှိပြီး ကျေးရွာရှိ ပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up