ဥသျှစ်ပင်မြို့နယ်တွင် တက္ကသိုလ်ကျောင်းသားနှင့်မိခင် ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ် မကြီးထုံးကျေးရွာမှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ပညာရေးတက္ကသိုလ်ကျောင်းသား တစ်ဦးနဲ့ မိခင်ဖြစ်သူကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရန်ကုန်ပညာပညာရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသား ကိုထက်ရာဇာ နဲ့ မိခင် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
"ကိုထက်ရာဇာကို လာဖမ်းသွားတယ်။ သူ့အမေကိုပါ တစ်ခါတည်း ခေါ်သွားတယ်။ ပုဒ်မ ၅၀(ည)နဲ့ တရားစွဲပြီး ပန်းတောင်းမြို့ကို ပို့လိုက်တယ်ကြားတယ်" လို့ မိသားစုနဲ့ နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုထက်ရာဇာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ တရားစွဲထားပြီး မိခင်ကိုတော့ ဘာကြောင့်ခေါ်ဆောင်သွားတယ်ဆိုတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဥသျှစ်ပင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ကျန်းမာရေးမှူးတစ်ဦးအပါအဝင် ပရဟိတ လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသား ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။