close

အရာတော်နှင့်ဂန့်ဂေါတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ မုံရွာ - နောင်ကြီးအိုင်လမ်းမတစ်နေရာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဆိတ်အုပ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ရာကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်တွေကို လှော်တက်အင်အားစု 126 နဲ့ ညီနောင်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၆ ယောက်လောက် ဆုံးသွားတယ်လို့ သိရပါတယ်။

လှော်တက်အင်အားစု 126 အဖွဲ့ ဗိုလ်မာန်ရှင်းက “ကျနော်တို့ ထောင်ထားတဲ့မိုင်းကို ဆိတ်အုပ်ကနင်းမိပြီး ကွဲသွားတော့ လာစစ်ဆေးတာပေါ့ဗျာ။ အဲ့နေရာကို ဒီကောင်တွေလာတော့ ကျနော်တို့က လက်ကျန်မိုင်းတွေ ဖောက်ခွဲလိုက်တာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာလည်း အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာအနီး စစ်ကားတွေရပ်ထားခဲ့ပြီး ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အရာတော်မြို့နယ် (မြောက်ပိုင်း) တော်လှန်ရေးအင်အားစု (ARA)  ဂဠုန်ညီနောင်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၄၀ လောက် ဒဏ်ရာရခဲ့ပြီး ၁၅ ဦးက ပြင်းထန်တယ်လို့ ARA က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာတွေ လုပ်တာကြောင့်  အနီးအနား ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း အရာတော်-မုံရွာကားလမ်းမပေါ်က စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်တပ်ဘက်က ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၁၀ နေ့ နေလယ်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးခဲ့တယ်လို့ YDF တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဂန်ဂေါမြို့ဘက်ကနေ ကျောမြို့ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းအနက် ရှေ့ပြေး ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်သား ၁၂ ယောက်ကို YDF တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က စစ်ကူကားတွေလာရောက်တဲ့အချိန်မှာ YDF တပ်ဖွဲ့က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ယောဒေသအတွင်းမှာ ကျန်းမာရေးကိစ္စနဲ့ပတ်သက်လို့ အရေးပေါ်သွားလာစရာရှိပါက YDF တပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားပြီးမှ သွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ဂန်ဂေါမြို့နယ် နှမ်းခါးရွာကို အကြမ်းဖက်စစ်အုပ်စုက ကား ၃၄ စီးနဲ့ လာရောက်ပြီးတော့ နေအိမ်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးကာ ပစ္စည်းတွေကို ခိုးယူသွားကြသလို ရဲလှရွာ လမ်းခွဲက အိမ်တစ်အိမ်ကိုလည်း မီးရှို့သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရာတော်နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုအခြေအတွေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up