အကူအညီများပြန်ရရေး နိုင်ငံတကာအသိုက်အဝန်း၏ သတ်မှတ်ချက်အား လက်ခံရန် တာလီဘန်ကို တိုက်တွန်း

တာလီဘန်တွေဟာ နိုင်ငံတကာအသိုက်အဝန်း သတ်မှတ်တဲ့ အခြေအနေတွေကို လက်ခံသင့်ပြီး ဒါမှသာ NGO တွေဟာ အစိုးရအရာရှိတွေရဲ့လစာတွေကို အထူးသဖြင့် ဆရာ၊ ဆရာမတွေအတွက် တိုက်ရိုက်ပေးနိုင်မှာဖြစ်တယ်လို့ ကဘူးလ်မြို့ခံတချို့က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်း တာလီဘန် ဦးဆောင်တဲ့ အစိုးရကို ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားပြီးနောက် အာဖဂန်ကျောင်းဆရာတွေကို တိုက်ရိုက် ရန်ပုံငွေပေးမယ့် စနစ်တစ်ခုကို ထူထောင်ဖို့ စီစဉ်နေပါတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာအေဂျင်စီ (UNICEF) က ရိုက်တာသတင်းဌာနကို နိုဝင်ဘာ ၃ ရက်က ပြောပါတယ်။
“ကျနော်တို့ အစိုးရကို ကျေနပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်၊ ရိုးရိုးရှင်းရှင်း တောင်းဆိုချက် သုံး လေးချက်လောက်ကို လက်ခံပေးရပါမယ်”လို့ ကဘူးလ်မြို့ခံ ဘာယာလီခန်းက ပြောပြီး လက်ခံရင် UNICEF နဲ့ တခြားနိုင်ငံတွေက အာဖဂန်နစ္စတန်ကို ဆရာတွေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ လစာတွေအတွက် တိုက်ရိုက် ကူညီပေးမှာပါ လို့လည်း ဆိုပါတယ်။
တခြားမြို့ခံတဦးကတော့ အကူအညီပေးရေးရန်ပုံငွေကို တာလီဘန်အစိုးရဆီကနေတဆင့် သွားသင့်တယ်လို့ ပြောပါတယ်။
သြဂုတ် ၁၅ ရက်က အစ္စလာမ္မစ်တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်ပြီးကတည်းက အာဖဂန်နစ္စတန်ရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးတို့ဟာ အကျပ်အတည်းကို ဆိုက်သွားခဲ့ပါတယ်။
နိုင်ငံခြားအစိုးရအများအပြားကလည်း နိုင်ငံစုံအေဂျင်စီတွေကနေတဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးခြင်းကို တားမြစ်ထားပါတယ်။