ဆားဘီးယားကို ရှုံးနိမ့်ခဲ့မှု ရှင်းပြရန်ခက်ခဲပြီး ပရိသတ်များကို တောင်းပန်ဟု ဆေးလ်ဗားပြော

ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆာဘီးယားကို ရှုံးနိမ့်ခဲ့တဲ့အပေါ် ရှင်းပြဖို့ခက်ခဲပြီး ပရိသတ်တွေကို တောင်းပန်ကြောင်း ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ ဆားဘီးယားနဲ့ပွဲမှာ သရေရလဒ်ရရှိရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် မီထရိုဗစ်ရဲ့ ပွဲပြီးခါနီးဂိုးကြောင်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ပေါ်တူဂီအသင်းအတွက် ဆိုးရွားတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး ဂိုးစောစောရခဲ့ပြီးတဲ့နောက်မှာ ကစားအား ချလိုက်ကြတယ်လို့ ဆေးလ်ဗားက ပြောပါတယ်။
“ဘယ်လိုရှင်းပြရမှန်းမသိအောင် စကားလုံးတွေ ပျောက်ဆုံးနေတယ်။ ဒီနေ့ပွဲလို ကြည့်ရှုချင်စရာမကောင်းတဲ့ပွဲကို ကြည့်ခဲ့ကြတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ ရည်ရွယ်ထားတာက ဘောလုံးကိုင်ကစားဖို့ပါ။ ကျနော်တို့ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ဒီရလဒ်ရခဲ့တာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ဘာနာဒိုဆေးလ်ဗားက ပွဲအပြီးမှာ ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ ဆားဘီးယားရဲ့ နောက်အုပ်စု ဒုတိယသာ ရရှိခဲ့လို့ လာမယ့်မတ်လအတွင်းမှာ ပလေးအော့ဖ်ပွဲစဉ်တွေ ဆက်ကစားရမှာဖြစ်ပါတယ်။
ဥရောပဇုန် ပလေးအော့ဖ်အဆင့်မှာ ၁၂ သင်းထဲကနေ ၃ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။