ချဲလ်ဆီးနှင့်ပွဲအပြီး မည်သူ့ကိုမှ နှုတ်မဆက်ဘဲ ကွင်းထဲမှ စီရော်နယ်ဒို ထွက်ခွာ

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ကွင်းထဲကနေ အဝတ်လဲခန်းထဲကို ဝင်သွားခဲ့တယ်လို့ သိရပါတယ်။
တဘက် ၁ ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ အရန်ခုံတန်းကနေ လူစားဝင်ကစားခဲ့ရတဲ့ စီရော်နယ်ဒိုဟာ အသင်းရဲ့ ကစားပုံအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ အသင်းသားတွေကို အော်ဟစ်ညွှန်ကြားမှုတွေ လုပ်ခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာလည်း ကွင်းလယ်ဒိုင်လူကြီးနဲ့ စကားအချေအတင်ဖြစ်ခဲ့ပြီး အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။
ပွဲအပြီး ခရာမှုတ်ချိန်မှာပဲ ရော်နယ်ဒိုဟာ ကွင်းထဲကနေ စိတ်ပျက်တဲ့ ဟန်ပန်နဲ့ အဝတ်လဲခန်းထဲကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ပုံမှန်အတိုင်း နှစ်ဘက် ကစားသမားတွေနဲ့ နှုတ်ဆက်ခြင်းမရှိခဲ့သလို ပရိသတ်တွေကိုလည်း နှုတ်ဆက်ခြင်းမရှိခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအနေနဲ့ ကစားခဲ့ရပြီး ပွဲအပြီးမှာ အလားတူ အပြုအမူလုပ်ခဲ့ပါသေးတယ်။
ယာယီနည်းပြ ကာရစ်ကတော့ ရော်နယ်ဒိုကို ပထမ ၁၁ ယောက်စာရင်းကနေ ချန်လှပ်ခဲ့တာက နည်းပြဗျူဟာတစ်ခုဖြစ်ပြီး ရော်နယ်ဒိုနဲ့လည်း ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။