ပါလက်စတိုင်း ဒုက္ခသည်စခန်း ပစ်ခတ်မှုအတွင်း ၄ ဦးသေဆုံး

လက်ဘနွန်နိုင်ငံ ဘာ့ဂျ်အယ်လ်ရှီမာလီမြို့က ပါလက်စတိုင်း ဒုက္ခသည်စခန်းထဲမှာ ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး တခြားလူတွေ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့က အရာရှိ ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လက်ဘနွန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ထာယာကစခန်းမှာ ဒီဇင်ဘာ ၁၀ ရက်ကလည်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ဟားမတ်စ် ထောက်ခံသူတယောက်ရဲ့ ဈာပနမှာ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဈာပနပွဲက လူတန်းထဲမှာ ပါတဲ့လူတွေကို ဖာတာ သေနတ်သမားတွေက တမင်သက်သက် ပစ်ခတ်ခဲ့တာလို့ ဟားမတ်စ် အရာရှိတယောက်က ပြောပါတယ်။
သွေးထွက်သံယိုဖြစ်ရပ်အတွက် ဟားမတ်စ်တွေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဖာတာအုပ်စုမှာ တာဝန်ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။
ဟားမတ်စ်တွေရဲ့ စွဲချက်နဲ့ပတ်သက်ပြီး လက်ဘနွန်အခြေစိုက် ပါလက်စတိုင်း သံအမတ်ကြီးရုံးက ချက်ချင်း မတုံ့ပြန်သေးပါဘူး။
ဖာတာအုပ်စုဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက် ကမ်းဒေသမှာ အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကို ထိန်းချုပ်ထားပါတယ်။
အနောက်ဘက်ကမ်းဒေသ ပါလက်စတိုင်း အာဏာပိုင်အရာရှိတွေကတော့ အစီရင်ခံစာတွေကို စစ်ဆေးနေတုန်းပဲလို့ ရိုက်တာကို ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း ဘာ့ဂျ်အယ်လ်ရှီမာလီ စခန်းထဲက အငြင်းပွားမှုအတွင်း လူ ၂ ယောက် အသတ်ခံရပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ လက်ဘနွန်အစိုးရ မီဒီယာက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က ပေါက်ကွဲမှုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေအတွက် သုံးတဲ့ အောက်စီဂျင်နဲ့ ဓာတ်ငွေ့အိုးတွေ၊ ဆပ်ပြာနဲ့ ပိုးသတ်ဆေးတွေ သိုလှောင်ရာ ကုန်လှောင်ရုံမှာ လျှပ်စစ်ဓာတ်ကြိုး ချို့ယွင်းမှုကြောင့် ဖြစ်တာလို့ ဟားမတ်စ်တွေက ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဟားမတ်စ်နဲ့ ဖာတာတွေ အပါအဝင် ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုတွေဟာ နိုင်ငံတလွှားက ပါလက်စတိုင်းစခန်း တဒါဇင်လောက်ကို ထိထိရောက်ရောက် ထိန်းချုပ်ထားပြီး လက်ဘနွန် အာဏာပိုင်တွေက ပုံမှန်ဆိုရင် စခန်းထဲမဝင်ကြဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။