ဘောလ်တစ်ပင်လယ်အတွင်း ကုန်သင်္ဘော ၂ စီး တိုက်မိ

ဒိန်းမတ်နိုင်ငံ၊ ဘွန်ဟွန့်ကျွန်းနဲ့ ဆွီဒင်နိုင်ငံတောင်ပိုင်း ယီစတာဒ်မြို့ကြား ဘောလ်တစ် ပင်လယ်ထဲမှာ ကုန်သင်္ဘော ၂ စီး တိုက်မိခဲ့တယ်လို့ ဆွီဒင် ပင်လယ်ရေကြောင်းစီမံရေးရုံးကို ကိုးကားပြီး ဆွီဒင်ရုပ်သံ SVT media က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ဆွီဒင်ကမ်းရိုးတန်းရဲ့ ကမ်းလွန်မှာ ကယ်ဆယ်ရေးယာဉ်တွေ ဝိုင်းနေတဲ့ သင်္ဘော ၂ စီးရဲ့ပုံကို မြေပုံထဲမှာ တွေ့ရတာဖြစ်ပြီး သင်္ဘောတစီးက ဒိန်းမတ်နိုင်ငံမှာ မှတ်ပုံတင်ထားပြီး နောက်တစီးကတော့ ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်ထားပါတယ်။
ဒိန်းမတ်သင်္ဘောက မှောက်သွားပုံရပြီး သင်္ဘောပေါ်က လူ ၂ ယောက်ရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဌာနက ပြောပါတယ်။
ဗြိတိန်သင်္ဘောကတော့ ခုတ်မောင်းနိုင်ဆဲဖြစ်ပြီး သင်္ဘောဝန်ထမ်းတွေ ဘေးကင်းတယ်လို့ ရုပ်သံဌာနက ဆိုပါတယ်။
ဆွီဒင်ရေပိုင်နက်ထဲမှာ တိုက်မိတာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒိန်းမတ်အစိုးရက ဆွီဒင်အာဏာပိုင်တွေကို ကူညီပေးနေပါတယ်။
ဒိန်းမတ်အစိုးရဘက်က ရဟတ်ယာဉ်တစီး စေလွှတ်ခဲ့သလို ဘွန်ဟွန့်ကျွန်းပေါ်က ကယ်ဆယ်ရေး လှေတစီး ပို့ပေးခဲ့တာပါ။
သင်္ဘောတစီးက မီတာ ၉၀ ရှည်ပြီး နောက်တစီးက ၅၅ မီတာ ရှည်တယ်လို့ ဆွီဒင် ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရကို ကိုးကားပြီး ဆွီဒင်သတင်းဌာန TT က ဖော်ပြပါတယ်။