ကိုလံဘီယာနိုင်ငံ ကူကူတာမြို့ လေဆိပ်တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ ကူကူတာမြို့က လေဆိပ်မှာ ဒီဇင်ဘာ ၁၄ ရက် မနက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ ရဲတွေနဲ့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက “ဒီတိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ သရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီး ကျနော်တို့ ဆက်လက်တိုက်ခိုက်သွားမယ်”လို့ အဲဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရင်း ပြစ်တင်ရှုတ်ချပါတယ်။
ကူကူတာမြို့ဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ နယ်နိမိတ်ထိနေတဲ့ နော်တေဒေ စန်တန်ဒါပြည်နယ်ရဲ့ မြို့တော်ပါ။ အဲဒီနယ်မြေမှာ လုံခြုံရေးတပ်တွေနဲ့ မူးယစ်ဂိုဏ်းတွေ၊ သူပုန်တွေကြား ကာလကြာရှည် ပြည်တွင်းစစ်ရဲ့ အချက်အချာ ဖြစ်လာနေပြီး ကိုကင်းထုတ်လုပ်မှုလည်း တိုးလာနေပါတယ်။
ဇူလိုင်လလယ်က ကူကူတာမြို့မှာ ကားဗုံးတလုံး ပေါက်ကွဲလို့ အမေရိကန် စစ်သည် ၂ ဦး အပါအဝင် လူ ၄၄ ယောက် ဒဏ်ရာရပါတယ်။
ဒီတိုက်ခိုက်မှုကို ကိုလံဘီယာ တော်လှန်ရေးတပ်ဖွဲ့ ဖှားသူပုန်တပ်ထဲက သူတို့အချင်းချင်း ဆန့်ကျင်သူတွေရဲ့ လုပ်ရပ်လို့ ယူဆထားကြပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာမှာ သမ္မတအိုင်ဗန်ဒူကေးရဲ့ ရဟတ်ယာဉ် အဲဒီမြို့ပေါ်မှာ ပျံသန်းနေတုန်း မြေပြင်ကနေ ပစ်ခတ် တိုက်ခိုက်တာ ခံခဲ့ရပါတယ်။